မန်ယူအသင်း ထရိန်နင်မှာ နည်းပြ တန်ဟက်ရဲ့ နည်းစနစ်တွေကို ဆန့်ကျင်ငြင်းဆန်နေတဲ့ စီ ရော်နယ်ဒို

စီ ရော်နယ်ဒိုဟာ အသင်းထရိန်နင်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်နဲ့ နည်းဗျူဟာအပိုင်းတွေကို ငြင်းခုံဖို့ ကြိုးစားနေပြီး အသင်းအတွက် တကယ့်ပြဿနာဖြစ်လာဖို့ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ရော်နယ်ဒိုဟာ အခုအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေပြီး မန်ယူနိုက်တက်ကတော့ မရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်ကို လွဲချော်ခဲ့ပြီး ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒုတိယပိုင်းမှ လူစားဝင်ခဲ့ရပါတယ်။

ဘရန်ဖိုဒ့်ကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာတော့ ပြန်လည်ပါဝင်လာခဲ့ပေမယ့် အသင်းရဲ့ ရလဒ်ပိုင်းကို စိတ်ပျက် လက်ပျက်ဖြစ်နေပြီး ပရိသတ်တွေကို နှုတ်ဆက်ဖို့ ပြောခဲ့တဲ့ လက်ထောက်နည်းပြ မက္ကလာရင်ရဲ့ ပြောစကားကို ငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကစားသမားအများအပြားက ရော်နယ်ဒိုအသင်းက ထွက်ခွာရင် ပိုကောင်းမယ်လို့ ခံစားနေကြတာပါ။

ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ နည်းပြတန်ဟတ်ရဲ့ နည်းဗျူဟာကို ငြင်းခုံဖို့ ကြိုးစားပြီး ခေါင်းတခါခါ လက်တခါခါလုပ်ကာ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအရာတွေကို ပြသခဲ့တယ်လို့ အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။

ရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့ အဝေးမှာ သီးခြားနေပြီး ကာရင်တန်မှာ တစ်ဦးတည်းနေ့လယ်စာ စားခဲ့တဲ့ရက်တွေ အများကြီးရှိတယ်လို့လည်း သိရပါတယ်။

ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာချင်ပေမယ့် ဘရန်ဖိုဒ့်အသင်းကို ရှုံးပြီးနောက် နည်းပြတန်ဟတ်က အားလပ်ရက် မပေးဘဲ အပြေးလေးကျင့်မှုပြုလုပ်ရာမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟ အရင်က ရော်နယ်ဒို အသင်းက ထွက်ခွာမယ်ဆိုတဲ့ ထင်ကြေးတွေကို ပယ်ချခဲ့ပေမယ့် အခုအချိန်မှာတော့ တိုက်စစ်မှူး တစ်ဦး ခေါ်နိုင်ရင် ထွက်ခွာခွင့်ပေးဖွယ် ရှိနေပြီ ဖြစ်ပါတယ်။