လျှို့ဝှက် အသင်းခေါင်းဆောင်များ၊ အာသာ၊ တိုင်လီမန်းစ်၊ အငှားထွက်သွားတဲ့ ရူနာဆန်နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ် က လက်စတာ ကွင်းလယ်လူ တိုင်လေမန့်စ်ကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပြီး တိုင်လေမန့်စ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့လပေါင်းများစွာ ဆက်သွယ်ခဲ့ပေမဲ့ တရားဝင် ကမ်းလှမ်းမှုတော့ မရှိသေးကြောင်း နာမည်ကျော် အပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယိုက ဖော်ထုတ်လိုက်ပါတယ်။
ကွင်းလယ်လူ ရှာကာ နဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆုတို့ဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ လျှို့ဝှက် အသင်းခေါင်းဆောင်တွေ ဖြစ်တယ် လို့ နာမည်ကျော် သတင်းထောက် ဒေးဗစ်အော်စတိန်းက ဖော်ပြထားပါတယ်။အီုဒီဂတ်ဟာ အသင်းခေါင်းဆောင် လက်ပတ် ဝတ်ထားပြီး ကွင်းအတွင်းက ကိစ္စတွေကို တာဝန်ယူရပေမဲ့ ရှာကာ ကတော့ အဝတ်လဲခန်းမှာ ခေါင်းဆောင်ရတယ်လို့ သိရပါတယ်။
မန်စီးတီး ကစားမားဟောင်း မီကာ ရစ်ချတ်ကတော့ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲဦးထွက်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျေးဆု ကို ချီးကျူးခဲ့ပါတယ်။ ဂျေးဆု က အာဆင်နယ်မှာ ယုံကြည်ချက်များစွာ ပိုရှိလာပြီး လက်စတာနဲ့ ပွဲမှာလည်း ကံမကောင်းလို့ ဟက်ထရစ်မရခဲ့တာဖြစ်တယ်လို့ မီကာရစ်ချတ်က ဆိုခဲ့ပါတယ်။

အာဆင်နယ် ဂိုးသမား ရူနာဆန် ဟာ တူရကီကလပ် အလန်ယာစပေါ အသင်းထံကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ် စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်ကွင်းလယ်လူ မယ်လိုအာသာကို ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းတွေ ရှိနေပါတယ်။ ဘရာဇီး ကစားသမားရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေတယ်လို့ နည်းပြ အမ်လီဂရီ ကိုယ်တိုင် ဝန်ခံထားတာပါ။
စပါးကစားသမားဟောင်း အိုဟာရာက သူ့အနေနဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာနဲ့ပတ်သက်ပြီး အမြင် မှားယွင်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ ဆာလီဘာကို တောင်းပန်လိုပါတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော် အမြင်မှားခဲ့ပါတယ်။ သူက တကယ့်ကို ထူးချွန်တဲ့ ကစားသမားပါ”လို့ အိုဟာရာက မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူးဂန္ထဝင် ကာရေဂါနဲ့ မန်ယူ ဂန္ထဝင် ဂယ်ရီနဗီးလ်တို့က အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီကို သူတို့ရဲ့ အခက်ခဲဆုံး ပြိုင်ဘက် အဖြစ် တစ်ညီတစ်ညွှတ်တည်း ရွေးချယ်ခဲ့ကြပါတယ်။ အွန်နရီဟာ ပရီးမီးယားလိဂ်ရဲ့ အခမ်းနားဆုံး တိုက်စစ်မှုး ဖြစ်တယ်လို့ နှစ်ယောက်စလုံးက မှတ်ချက်ပြုခဲ့ကြတာပါ။