ဒီနွေ ဈေးကွက် မပိတ်ခင်လေးမှာ ဖြစ်လာနိုင်သေးတဲ့ နာမည်ကြီး ကစားသမား အပြောင်းအရွှေ့ (၇) ခု

1. ဘာနာဒို ဆေးဗား

သူ့ရဲ့ အပြောင်းအရွှေ့မှာ ပြဿနာက စီးတီးဟာ သူ့ဈေးကွက်တန်ကြေးထက် နည်းပါးတဲ့ ပမာဏနဲ့ သူ့ကို ထွက်ခွာခွင့် ပေးမှာ မဟုတ်ပါဘူး။ မနှစ်က စီးတီးရဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုမှာ သူက အဓိက ကစားသမားတစ်ယောက် ဖြစ်ခဲ့တာကြောင့်ပါ။ ဘာကာက ဘာနာဒိုကို ခေါ်ယူဖို့ အိမ်မက် မက်နေတာဖြစ်ပြီး မန်ယူကို ဒီဂျောင်ရောက်သွားရင် ဘာနာဒိုအတွက် ငွေအလုံအလောက် ရလိမ့်မယ်လို့ တွေးထားတာ ဖြစ်ပါတယ်။

2. ခရစ္စတီယာနို ရော်နယ်ဒို

ရော်နယ်ဒိုဟာ မနှစ်ကလဲ အပြောင်းအရွှေ့ပိတ်ခါနီးမှ ဂျူဗင်တပ်ကနေ ထွက်လာခဲ့တာဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာ ပြဿနာက သူ့ကို ခေါ်ယူချင်တဲ့ အသင်း မရှိနေတာ ဖြစ်ပါတယ်။ ထိပ်တန်းကလပ်အများစုဟာ တိုက်စစ်ကို အားဖြည့်ပြီးသားဖြစ်ပြီး ဒါမှမဟုတ်ရင် သူတို့ရဲ့နည်းစနစ်မှာ ရော်နယ်ဒို အံဝင်ဖို့ ရုန်းကန်ရမှာတွေ ဖြစ်ပါတယ်။

အချိန်တွေက ကုန်လာနေပြီ ဖြစ်ပြီး ယူနိုက်တက်လဲ တိုက်စစ်ကို အားဖြည့်ဖို့ ရုန်းကန်နေရတာကြောင့် သူ့အနေနဲ့ အသင်းသစ်ကို အမြန်ရှာဖို့ လိုအပ်ပါတယ်။ အေးဂျင့် ဂျော့မန်ဒက်စ်ကတော့ သူ့ ကစားသမားအတွက် လှုပ်ရှားနေဆဲပါ။

3. ဒီဂျောင်

ဒီနွေရာသီရဲ့ ဇာတ်လမ်းအရှည်ဆုံး အပြောင်းအရွှေ့ချိတ်ဆက်မှုတစ်ခုပါ။ မန်ချက်စတာ ယူနိုက်တက်ဟာ ကနဦး ပေါင် ၆၃သန်း+အပိုဆုကြေး ၈သန်းနဲ့ သဘောတူညီမှုရခဲ့ပေမယ့် ဒီဂျောင်နဲ့ ဘာကာကြားက လစာကိစ္စက ပြဿနာ ဖြစ်နေတာပါ။ ဒီဂျောင် ကိုယ်တိုင် ဘာကာမှာ ဆက်နေချင်ပေမယ့် သူက ပွဲထွက်ခွင့်ရသူမဟုတ်တော့ နောက်ဆုံးမှာ ထွက်သွားရဖို့ ဖြစ်နိုင်ပါတယ်။ ယူနိုက်တက်လဲ သူ့ကို အပြောင်းအရွှေ့ နောက်ဆုံးရက်အထိ စောင့်ဆိုင်းသွားမှာပါ။ ဒါပေမယ့် ဒီဂျောင်သာ အသင်းပြောင်းမယ်ဆိုရင် ချန်ပီယံလိဂ်ကစားရတဲ့ ချယ်ဆီးကို ရွေးလိုက်မှာကို စိုးရိမ်ရပါသေးတယ်။

4. အန်တိုနီ

မန်ချက်စတာ ယူနိုက်တက်ဟာ သူ့အတွက် ပေါင် ၅၁သန်းနဲ့ ကမ်းလှမ်းမှုလုပ်ခဲ့တာကို အေဂျက်က ငြင်းပယ်ခဲ့ပြီး ပေါင် ၆၈ သန်း တောင်းထားပါတယ်။ ဒါက အတော်များပြားတဲ့ ပမာဏဖြစ်ပေမယ့် ရော်နယ်ဒိုသာ အသင်းကနေ ထွက်သွားရင် ယူနိုက်တက်အနေနဲ့ သူ့ကို ရဖို့ ထပ်တိုးကမ်းလှမ်းမှု လုပ်သွားမှာ ဖြစ်ပါတယ်။

5. အူဘာမီယန်း

သူဟာ ဘာစီလိုနာမှာ ဆက်နေချင်ပေမယ့် ချယ်ဆီးက ဂိုးသွင်းရှင်တစ်ယောက် အသည်းအသန် လိုအပ်နေတာဖြစ်ပြီး ဘာစီလိုနာကလဲ ဘာနာဒိုကို ခေါ်ယူနိုင်မယ့် အသုံးစရိတ်သာရမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ သူ့ကို‌ ရောင်းချသွားမှာ ဖြစ်ပါတယ်။

6. ယူရီ တိုင်လီမန်းစ်

အာဆင်နယ်က သူ့ကို ကာလရှည်ကြာ စိတ်ဝင်စားနေတာဖြစ်ပေမယ့် ပြဿနာက လက်စတာရဲ့ ပေါင်သန်း ၃၀ ကျော် ခေါ်ဈေးဖြစ်ပါတယ်။ ဒီနွေမှာ အများကြီးသုံးစွဲပြီးသားဖြစ်တဲ့ အာဆင်နယ်အနေနဲ့ သူ့ကို ထပ်ခေါ်ဖို့ ကစားသမား တစ်ယောက် ရောင်းချရနိုင်ပါတယ်။

လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကလဲ ကစားသမားသစ် ခေါ်ယူမှုမရှိတာကို စိတ်ပျက်နေပြီး အသင်း အင်အား ဖြည့်တင်းမယ့် အသုံးစရိတ်မြှင့်တင်ဖို့ ဘုတ်အဖွဲ့ကို တွန်းအားပေးနိုင်ပါတယ်။ ဒါကြောင့် ငွေပိုသုံးနိုင်တဲ့ နယူးကာဆယ် ထံ တိုင်လီမန်းစ်ကို ရောင်းချလိုက်မှာလားဆိုတာ စောင့်ကြည့်ရမှာပါ။

7. နေမာ

အမ်ဘာပေကို စာချုပ်သစ်ချုပ်ဖို့ ပိုက်ဆံအမြောက်အမြား သုံးထားခဲ့ရတဲ့ ပီအက်စ်ဂျီဟာ နေမာအတွက် ကမ်းလှမ်းမှု တွေကို စဉ်းစားပေးသွားမယ့် အကြောင်း အသိပေးခဲ့ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးအရရော၊ နည်းဗျူဟာ အရပါ သူ့ကို ခေါ်ယူနိုင်တဲ့ ကလပ်အနည်းငယ်သာ ရှိပါတယ်။ ဒါပေမယ့် နေမာဟာ ကမ္ဘာ့ဖလား နီးနေပြီဖြစ်တာကြောင့် အနှောင့်အယှက် သိပ်မလိုချင်တာမို့ ကလပ်မှာပဲ ဆက်နေလို နေပါတယ်။