စာချုပ်ကုန်တော့မယ့် ကစားသမား (၃) ဦးကို လက်လွတ်ပြီး ဟာလန်းကို ခေါ်ဖို့ မန်ယူကို တိုက်တွန်း

ရော်နယ်ဒိုကို ခေါ်ယူခဲ့ပေမယ့် မန်ယူအနေနဲ့ လာမယ့်နွေမှာ ဟာလန်းကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားသင့်တယ်လို့ သရဲနီ ကစားသမားဟောင်း ဂယ်ရီနဗီးက ယုံကြည်နေတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆဲလ်ဘတ်ကနေ မထွက်ခွာခင်မှာ ဟာလန်းကို ကမ်းလှမ်းမှု လုပ်ခဲ့သေးပြီး ကလပ်ကပေးတဲ့ ကမ်းလှမ်းမှုဟာ ဒေါ့မွန်ထက်တောင် ပိုကောင်းခဲ့ပေမယ့် ကစားသမားရဲ့ တိုးတက်မှုအရ အေးဂျင့်ဖြစ်သူက ဒေါ့မွန်ကို ရွေးချယ်ဖို့ ဆုံးဖြတ်စေခဲ့တာ ဖြစ်ပါတယ်။

လာမယ့် နွေမှာတော့ ဟာလန်းကို ခေါ်ယူဖို့ မန်စီးတီး၊ ချယ်ဆီးနဲ့အပြိုင် မန်ယူက ကြိုးစားရမှာဖြစ်ပြီး ဟွမ်မာတာ၊ မာရှယ်၊ ကာဗာနီတို့လို ကစားသမားကို လက်လွတ်ရတာက ဟာလန်းကို အင်အားဖြည့်ဖို့ နေရလွတ်ရစေမယ်လို့ မျှော်လင့်ရတာဖြစ်တယ်။

စက်တင်ဘာမှာ မန်ယူဟာ ဒီနွေမှာ ရော်နယ်ဒိုကို မြင့်မားတဲ့ လုပ်ခဖြင့် ခေါ်ယူခဲ့ပေမယ့် ပေါ်တူဂီသားက ကလပ်ရဲ့ အနာဂတ် အပြောင်းအရွှေ့ အစီအစဉ်တွေကို ပြောင်းလဲသွားစေမှာလားလို့ မေးမြန်းခံခဲ့ရစဉ် နဗီးက

“ မဟုတ်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်က နောက်နှစ်မှာ မာရှယ်၊ ဟွမ်မာတာကို ဆုံးရှုံးခံလိမ့်မယ်လို့ ထင်တယ်။ ကာဗာနီလည်း ထွက်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကလပ်က ကာဗာနီကို နောက်တစ်နှစ် သက်တမ်းတိုးပြီးပါပြီ။ ဒါကြောင့် ထပ်ဖြည့်ရမယ့် နေရာလွတ်တွေ ရှိနေလိမ့်မယ်။

ဟာလန်းက နောက်နွေရာသီမှာ ရနိုင်ပြီး အဓိက အတားအဆီးဖြစ်တဲ့ သူ့အေးဂျင့်နဲ့ ညှိနှိုင်းလို့ ရတယ်ဆိုရင် မန်ယူအနေနဲ့ သူ့ကို ခေါ်ယူဖို့ ကြိုးစားသင့်ပါတယ်။ ခရစ္စတီယာနိုက ဟာလန်းရောက်လာဖို့အတွက် အတားအဆီး ဖြစ်နေမယ် မထင်ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။