ဂလေဇာဘက်က ရောင်းမယ်ဆိုရင် မန်ယူကို ဝယ်ယူဖို့ အဆင်သင့်ဖြစ်နေတဲ့ ဗြိတိန် အချမ်းသာဆုံး သူဌေးကြီး

မနေ့တုန်းက ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ အီလွန်မက်ခ်က သူဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူသွားမယ်လို့ သူ့ရဲ့ တွစ်တာအကောင့် ကနေ တဆင့် အသိပေးသွားခဲ့ပါတယ်။

ဒါပေမယ့်လို့ သိပ်မကြာခင်မှာပဲ ဒါဟာ နောက်ပြောင်မှု တစ်ခုပါလို့ အီလွန်မက်ခ်က ပြန်လည် ဖြေရှင်းပေးသွားခဲ့ပါတယ်။

အီလွန်မက်ခ်လို မဟုတ်ဘဲ ယူနိုက်တက်ကို အမှန်တကယ် ဝယ်ယူချင်နေပါကြောင်းကို ဗြိတိန်ဘီလျံနာကြီး ဆာဂျင်ရတ်ကလစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောခဲ့ပါတယ်။

ဂျင်ရတ်ကလစ်ဖ်ဟာ ယူနိုက်တက်ကို ငယ်စဉ်ကတည်းက အားပေးလာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် ဘောလုံးအသင်း တစ်သင်းကို ဝယ်ယူကာ အသင်းပိုင်ရှင်အဖြစ် ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်သွားဖို့ စိတ်ဝင်စားနေပါတယ်။ သူဟာ ချယ်ဆီးအသင်းကို ဝယ်ယူဖို့အတွက်လည်း ကြိုးစားခဲ့သေးတာပါ။

ဂလေဇာတို့ဘက်ကသာ ကလပ်အသင်းကို ရောင်းချခဲ့မယ်ဆိုရင် ဂျင်ရတ်ကလစ်ဖ်က ယူနိုက်တက်ရဲ့ ပိုင်ရှင်သစ် ဖြစ်လာဖို့ အလားအလာ အကောင်းဆုံးသူ ဖြစ်လိမ့်မယ်လို့ ရတ်ကလစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ပြောဆိုခဲ့ပါတယ်။

၎င်းက The Times သတင်းဌာနကို ပြောရာမှာ ” မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချမယ်ဆိုရင် ဂျင်က သေချာပေါက် အလားအလာရှိတဲ့ ဝယ်ယူသူ ဖြစ်လာပါလိမ့်မယ်။

ဒီကိစ္စက ဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ကာလရှည် အုပ်ချုပ်သူတွေအဖြစ် စကားပြောမှု လုပ်ဖို့ ကျနော်တို့ဘက်က စိတ်ဝင်စားပါတယ်။ ငွေဘယ်လောက် သုံးမယ် မသုံးဘူးဆိုတာ မဟုတ်ပါဘူး။

ဂျင်က ယူနိုက်တက်နဲ့ ပတ်သက်ပြီး သူဘာလုပ်နိုင်မလဲ လေ့လာနေတယ်။ ဒီမြို့အတွက် ဒီကလပ်က ဘယ်လောက် အရေးကြီးသလဲ သူသိထားပါတယ်။ အခုချိန်က ပြန်ပြီး အစပြုချိန်တန်ပြီလို့ ခံစားနေရတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။