ဂန်းနား ကြယ်ပွင့်လေးကို ထိပ်တန်း ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်းနဲ့ နှိုင်းယှဉ်
ယူနိုက်တက် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က ဒီရာသီ အာဆင်နယ် အသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ် တိုက်စစ် ကစားသမားလေး မာတင်နယ်လီကို ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း လူးဝစ် ဆွာရက်ဇ်နဲ့ နှိုင်းယှဉ် ချီးကျူးလိုက်ပါတယ်။
မာတင်နယ်လီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလကမှ ဘရာဇီးကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်ပါတယ်။ ကစားသမားဘဝ အစောပိုင်းမှာ ဒဏ်ရာ ပြဿနာတွေရှိခဲ့သေးတဲ့ သူဟာ အာဆင်နယ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ။
မာတင်နယ်လီဟာ ဒဏ်ရာကနေ ပြန်သက်သာလာချိန်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်ခဲ့တာကြောင့် ဘရာဇီး လက်ရွေးစင် အသင်းအတွက်တောင် ရွေးချယ်ခံခဲ့ရပါတယ်။
ဒီရာသီမှာလည်း မာတင်နယ်လီ ဟာ အာဆင်နယ် အသင်းရဲ့ အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ဂိုးသွင်းယူ ထားနိုင်ပါတယ်။
ဖာဒီနန်က ” မာတင်နယ်လီ ၊ ဒီကောင်လေးသာ ကြံ့ခိုင်မှု ပြည့်ဝ နေရင်ပေါ့ဗျာ ၊ နည်းပြ အာတေတာ မပြောသေးခင် ကျွန်တော် ဒီစကား ကို အရင် ပြောထားချင်ပါတယ် ။ သူက ဆွာရက်ဇ် လို ကစားသမားမျိုး ဖြစ်လာ နိုင်ပါတယ် ။

ကျွန်တော် ဘရန်ဒန် ရော်ဂျာစ့် ရဲ့ မှတ်ချက်စကားကိုလည်း စိတ်ဝင်စားပါတယ် ၊ သူ က ဘာပြောသလဲ ဆိုတော့ အာဆင်နယ် အသင်းရဲ့ အင်အား ဖြည့်တင်းမှုတွေကြောင့် အာဆင်နယ် အသင်းဟာ နောက်တစ်ဆင့် ကို တက်လှမ်းသွားပြီလို့ ဆိုခဲ့တာပါ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
ဂျေးဇု ကလည်း အာဆင်နယ် အသင်းဖော် မာတင်နယ်လီ ကိုလည်း ခုလို ချီးကျူး ခဲ့ဖူးပါတယ် ။ ” မာတင်နယ်လီ က သားရဲ တစ်ကောင်လိုပါပဲ ၊ သားရဲ ပါ ၊ လုံးဝ မမောနိုင် မပန်းနိုင် ကစားနိုင်စွမ်း ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့တာပါ ။