ဂုရုကြီး ပေါလ်မာဆန် ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ အတွက် သုံးသပ် ခန့်မှန်းချက်တွေ ထွက်ပါပြီ

ဂုရုကြီး ပေါလ်မာဆန် ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ အတွက် သုံးသပ် ခန့်မှန်းချက်တွေ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁ ။ တော့တင်ဟမ် ဟော့စပါး – ဝုဗ်

အဖွင့်ပွဲမှာ ကောင်းခဲ့သလောက် ဒုတိယမြောက် ပွဲမှာတော့ စပါး ကို အရင်အတိုင်း ပြန်မြင်ခဲ့ရ ပါတယ် ။ ကံတရား ရဲ့ ဖေးမမှု နဲ့ အငြင်းပွားဖွယ် အဆုံးအဖြတ်တွေသာ မပါခဲ့ဘူး ဆိုရင် စပါးတို့ ရှုံးပွဲ စကြုံပြီး လောက်ပါပြီ ။ ဒါပေမယ့် ဝုဗ် ကတော့ စပါး ကို အမှတ်လျော့စေဖို့ မလုံလောက်ပါဘူး ။ ဒီပွဲ ကိုတော့ အဖွင့်ပွဲ တုန်းကလိုပဲ ပုံစံကောင်း ပြပြီး အနိုင်ရသွားဦးမှာပါပဲ ။

ခန့်မှန်းချက် – စပါး ၂ – ၁ ဝုဗ်

၂ ။ ဘုန်းမောက် – အာဆင်နယ်

ဘုန်းမောက် တို့ ရာသီသစ် ကို အစလှထားခဲ့ ပါတယ် ။ မန်စီးတီး ကို ရှု့းခဲ့ပေမယ့် ကစားပုံ မဆိုးပါဘူး ။ ဒါပေမယ့် အာဆင်နယ် က လက်ရှိ ပရီးမီးယားလိဂ် အသင်းတွေ ထဲမှာ ပုံစံ အမှန်ဆုံး နဲ့ ယုံကြည်မှု အရှိဆုံး အသင်းတွေထဲက တသင်း ဖြစ်နေပါတယ် ။ အထူးသဖြင့် အာဆင်နယ် ရှေ့တန်း က အကောင်းဆုံး အတွဲမိ နေပြီး မာတင်နယ်လီ ကလည်း ခြေစွမ်းပြ နေပါတယ် ။ ဘုန်းမောက် ခံစစ်က အာဆင်နယ် တိုက်စစ်ကို တောင့်ခံနိုင်ဖို့ မရှိပါဘူး ။ အာဆင်နယ်တို့ ၃ မှတ် နဲ့ အိမ်ပြန်ရမယ့် ပွဲပါပဲ ။

ခန့်မှန်းချက် – ဘုန်းမောက် ၁ – ၃ အာဆင်နယ်

၃ ။ လိဒ် ယူနိုက်တက် – ချဲလ်ဆီး

စပါး နဲ့ ပွဲမှာ ချဲလ်ဆီး ကစားသွားတာ ကောင်းပါတယ် ။ အဲဗာတန် နဲ့ ပွဲတုန်းကလည်း ကစားပုံ အားရစရာ မရှိပေမယ့် အနိုင် ရလဒ် ကိုတော့ ယူနိုင်ခဲ့ ပါတယ် ။ ချဲလ်ဆီး ရဲ့ ခံစစ်ပိုင်းက ကူလီဘာလေ ၊ ကူကူရယ်လာ တို့ ရောက်လာ အပြီးမှာ ပိုမို အားကောင်းလာပြီး အရင်လို ထိပ်တန်း အဆင့်မှာ ဆက်ရှိနေပါတယ် ။

လိဒ် ရဲ့ အဓိက တိုက်စစ်လမ်းကြောင်းက တည်ကန်ဘောတွေပါ ၊ ဆောက်သမ်တန် နဲ့ ပွဲမှာ အလုပ်ဖြစ်ခဲ့ ပေမယ့် ချဲလ်ဆီး ခံစစ်နဲ့ ဆိုရင်တော့ အလုပ်ဖြစ်ဖို့ မလွယ်ပါဘူး ။ ဂိုးမပေးရဘဲ ချဲလ်ဆီး တို့ နိုင်သွားဖို့ များပါတယ် ။

ခန့်မှန်းချက် – လိဒ် ၀ – ၂ ချဲလ်ဆီး

၄ ။ နယူးကာဆယ် – မန်ချက်စတာ စီးတီး

နယူး တို့ ရာသီအစ ကို ကျစ်လျစ်တဲ့ ပုံစံ နဲ့ စဖွင့် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီတပွဲ မှာတော့ မန်စီးတီး နိုင်သွားဖို့ ကလွဲရင် အခြား ရလဒ်ကို မမြင်မိပါဘူး ။ အက်ဒီ ဟောင်း ဟာ ဂွာဒီယိုလာ ဦးဆောင်လာမယ့် ဧည့်သည်အသင်းကို ခက်ခက်ခဲခဲ ကစားရအောင် ကြိုးစား ထားမှာပါ ။ ဒါပေမယ့် စီးတီး မှာ နယူးကာဆယ် ခံစစ်ကို ချိုးဖောက် နိုင်ဖို့ လုံလောက်တဲ့ အင်အားတွေ ရှိနေ ပါတယ် ။

ဟာလန်း ဒီ တပွဲမှာ ဂိုးပြန် သွင်းမယ်လို့ ထင်ပါတယ် ။ ဝက်စ်ဟမ်း နဲ့ ပွဲမှာ သူ ၂ ဂိုးသွင်းတယ် ၊ ဘုန်းမောက် နဲ့ ပွဲတုန်း ကလည်း ဘောလုံးကို ၈ ချက်ပဲ ထိခဲ့ပေမယ့် ဖန်တီးမှု ၁ ကြိမ် လုပ်နိုင်ခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် ဟာ ခက်ခဲတဲ့ လိဂ် ဖြစ်ပေမယ့် ဟာလန်း နဲ့ ကိုက်ညီမှု ရှိနေပုံပါပဲ ။ ဂိုးတော့ အများကြီး ပြတ်ဖို့ မရှိနိုင်ပါဘူး ။

ခန့်မှန်းချက် – နယူးကာဆယ် ၁ – ၂ မန်စီးတီး

၅ ။ မန်ချက်စတာ ယူနိုက်တက် – လီဗာပူး

ဘရန့်ဖိုဒ့် နဲ့ ပွဲအပြီးမှာ လီဗာပူး နဲ့ ဆိုရင် သူတို့ ( ယူနိုက်တက် ) ဘယ်လောက်တောင် ပေးရမလဲ ဆိုပြီး တွေးမိခဲ့ ပါတယ် ။ ဒါပေမယ့် လီဗာပူး နဲ့ ပဲလေ့စ် ပွဲကို ကြည့်ပြီး သွားချိန် မှာတော့ အခု ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အခွင့်အရေး ရှိလာနိုင် သေးတယ်လို့ ပြန်တွေးမိ ခဲ့ပြန် ပါတယ် ။

ဒီပွဲဟာ အဲရစ် တန်ဟတ် နဲ့ ယူနိုက်တက် ကစားသမားတွေ အတွက် အရာအားလုံးကို ပြောင်းပြန် လှန်ပစ်ဖို့ အကောင်းဆုံး အခွင့်အရေးပါ ။ ဒီပွဲမှာ သူတို့ နိုင်မယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ပါဘူး ၊ သရေ ကျမယ်လို့တောင် ထင်ချင်မှ ထင်ကြမှာပါ ။

ဆာဒီယို မာနေး ဟာ လီဗာပူး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေခဲ့ ပါပြီ ။ အခု ပွဲမှာ နူညက်ဇ် လည်း အပယ်ခံ ထားရသလို ဖာမီနို ကလည်း ဒဏ်ရာ နဲ့ပါ ။ အရန်ခုံ ကနေ အစားဝင်မယ့် တိုက်စစ်သမား မရှိပါဘူး ။ လူးဝစ် ဒီယာ့ဇ် နဲ့ မိုဟာမက် ဆာလာ တို့ပဲ ကစားရမှာပါ ။ ဖာဘီယို ကာဗယ်ဟို ကို ကလော့ ထုတ်သုံးလာနိုင်ပါတယ် ။

ဒါပေမယ့် အရင်လို ထက်မြက်တဲ့ တိုက်စ်ဖြစ်လာဖို့တော့ မလွယ်ပါဘူး ။ လီဗာပူး က မန်စီးတီး နဲ့ ၄ မှတ်တောင် ပြတ်နေပါပြီ ။ ဒီ ၄ မှတ်ကို ပြန်လိုက်မီဖို့ မနည်းကြိုးစား ရမှာပါ ။ ဒါပေမယ့် အခုပွဲမှာလည်း ၃ မှတ် ဟာ အားလုံး ထင်သလောက် မလွယ်ကူနိုင်ပါဘူး။ ယူနိုက်တက် တို့ အံ့အားသင့်ဖွယ် တခုခု ကို လုပ်ပြနိုင်မယ် ၊ လုပ်ပြ သင့်ပြီလို့ ထင်ပါတယ် ။

ခန့်မှန်းချက် – မန်ချက်စတာ ယူနိုက်တက် ၁ – ၁ လီဗာပူး

အခြားပွဲစဉ် ခန့်မှန်းချက်များ

၆ ။ အဲဗာတန် ၂ – ၁ နော်တင်ဟမ် ဖောရက်စ်

၇ ။ လက်စတာ စီးတီး ၃ – ၁ ဆောက်သမ်တန်

၈ ။ ဖူလ်ဟမ် ၂ – ၂ ဘရန့်ဖိုဒ့်

၉ ။ ခရစ္စတယ် ပဲလေ့စ် ၁ – ၁ အက်စတွန် ဗီလာ

၁၀ ။ ဝက်စ်ဟမ်း ၁ – ၁ ဘရိုက်တန် တို့ပဲ ဖြစ်ကြပါတယ် ။