အိုးထရက်ဖို့ဒ်မှာ မြင်ခဲ့ရတဲ့ သရဲနီ စိတ်ဓာတ်၊ ချန်ပီယံလောင်း စာရင်းကနေ စောစောထွက်ရတော့မယ့် လီဗာပူး
မန်ယူနဲ့ လီဗာပူး တို့ရဲ့ အိုးထရက်ဖို့ဒ်က ပြင်းထန်လှတဲ့ တိုက်ပွဲကြီးကတော့ ပြီးဆုံးသွားခဲပါပြီ။ ဒီပွဲစဉ်မှာ မန်ယူက အံ့အားသင့်ဖွယ်ခြေစွမ်းကောင်းတွေ ပြသပြီး လီဗာပူးကို ဆန်ချို ရက်ဖို့ဒ်တို့ရဲ့ဂိုးတွေနဲ့ အလဲထိုးခဲ့ပါတယ်။ဒီပွဲစဉ်က မှတ်မှတ်ရရ ဖြစ်စေခဲ့တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ပြတ်သားခဲ့တဲ့ တန်ဟတ်ရဲ့ လူထုတ်ပုံ
ပထမဆုံး မန်ယူနည်းပြ တန်ဟတ်ရဲ့ လူထုတ်ပုံကို ချီးကျူးရမှာပါ။ တန်ဟတ်ဟာ လီဗာပူးလို အသင်းမျိုးနဲ့ တွေ့ဆုံရာမှာ အသင်းရဲ့လုပ်အားနှုန်းကို အဓိက ခြေကုတ်ယူခဲ့ပုံပါ။ ဒါကြောင့် တန်ဟတ်ဟာ လုပ်အားနှုန်းကေင်းကောင်းနဲ့ Pressing Game ကို ကစားနိုင်ဖို့ စီရော်နယ်ဒိုကို ရဲရဲဝံ့ဝံ့ ချန်လှပ်ခဲ့သလို နောက်တန်းမှာလည်း မက်ဂွဲရားကို ပြတ်သားစွာ ခေါက်ခဲ့ပါတယ်။
ပြီးတော့ မာလာစီယာကို ယုံယုံကြည်ကြည်နေရာပေးခဲ့ကာ၊ အဲရစ်ဆင်နဲ့ ဖာနန်ဒက်စ်တို့လို ကစားပေါက်နေတဲ့ ကစားသမားတွေကို ကွဲကွဲပြားပြား တာဝန်ချပေးခဲ့တာတွေက လူထုတ်ပုံနဲ့ပတ်သက်ပြီး တန်ဟတ်အပေါ် မဖြစ်မနေ ချီးကျူးရမှာပါ။

ချန်ပီယံအိပ်မက်ကို စောစောစီးစီး လက်လွှတ်ရတော့မလား
အဖွင့် ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီးနောက် လီဗာပူးဟာ အမှတ်ပေးဇယားထိပ်ဆုံးကအာဆင်နယ်နဲ့ ၇ မှတ်၊ အဓိကပြိုင်ဘက်မန်စီးတီးနဲ့ ၅ မှတ်ကွာဟခဲ့ပါပြီ။ ရာသီအစပိုင်းမှာပဲ မန်စီးတီးနဲ့ ၅ မှတ်လောက်ကွာဟသွားတဲ့ အနေအထားကြောင့် လီဗာပူးအနေနဲ့ ချန်ပီယံဆုကို စောစောစီးစီး လက်လွှတ်လိုက်ရတော့မလားဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေခဲ့ပါတယ။် အဲဒါထက်စာရင် လက်ရှိလီဗာပူးရဲ့ခြေစွမ်းက ချန်ပီယံအသင်း တစ်သင်းရဲ့ခြေစွမ်းမျိုး မဟုတ်တာတော့ သေချာပါတယ်။

အလားအလာရှိတဲ့ပုံစံ ပြခဲ့တဲ့ မာလာစီယာ
လီဗာပူးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ မန်ယူအတွက် ရင်ခုန်စရာ အကောင်းဆုံးကစားသမားတစ်ယောက်က နောက်ခံကြယ်ပွင့် မာလာစီယာဖြစ်ခဲ့ပါတယ်။ မာလာစီယာဟာ လီဗာပူးနဲ့ ပွဲမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လီဗာပူးရဲ့တိုက်စစ်ကို ဟန့်တားနိုင်ခဲ့သလို တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီညီကစားနိုင်ခဲ့ပါတယ်။ မာလာစီယာဟာ ဒီပွဲမှာ ဖြတ်ထုတ်မှုအများဆုံး ပြုလုပ်နိုင်တဲ့ ကစားသမားဖြစ်ခဲ့သလိုဘောလုံးယှဉ်လုမှုမှာလည်း ၆ ကြိမ်အောင်မြင်ခဲ့ပါတယ်။ Final Third ထဲကို ၄ ကြိမ် ဝင်ရောက်နိုင်ခဲ့ပြီး တိုက်စစ်အတွကလည်း အထောက်အကူပြုခဲ့ပါတယ်။
ရဲရဲတောက်တဲ့ သရဲနီ စိတ်ဓာတ်
လီဗာပူးနဲ့ပွဲမှာ မန်ယူအသင်းရဲ့အဓိကအားရစရာ အချက်ကတော့ စိတ်ဓာတ်ပိုင်းပါပဲ။ ၂ ပွဲဆက် ရှုံးပွဲ ဆက်ထားတဲ့ အသင်း တစ်သင်းလို့ မထင်ရအောင် မန်ယူရဲ့စိတ်ဓာတ်ပိုင်းနဲ့ တုံ့ပြန်ပုံကကျေနပ်အားရစရာ ကောင်းခဲ့တာပါ။ မန်ယူ နည်းပြ တန်ဟတ်ကိုယ်တိုင်ကလည်း သူတို့အနေနဲ့ လီဗာပူးကို နိုင်ခဲ့တာ နည်းစနစ်ပိုင်းဆိုတာထက် စိတ်ဓာတ်ပိုင်းကြောင့် ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ မန်ယူပရိသတ်တွေပြောပြောနေတဲ့ သရဲနီစိတ်ဓာတ်ဆိုတာ ဒါမျိုးပါပဲ လို့ ပြောရတော့မှာပါ။