မန်စီးတီးနဲ့ ချဲလ်ဆီး စောစော တွေ့နေတဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ် မဲခွဲရလဒ်များ

ကာရာဘောင်းဖလားလို့ အမည်တွင်နေတဲ့ အင်္ဂလန် ပြည်တွင်း လိဂ်ဖလား တတိယအဆင့်ပွဲစဉ်တွေ အတွက် မဲခွဲမှု ရလဒ်တွေ ထွက်ပေါ်လာပါပြီ။ ထိုပွဲတွေကို နိုဝင်ဘာ ၈ ရက်ကနေ ၁၀ ရက်ကြားမှာ ကစားကြမှာ ဖြစ်ပါတယ်။

တတိယအဆင့်မှာပဲ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးချင်း တွေ့ဆုံမှုက အားလုံးရဲ့ စိတ်ဝင်စားမှုတွေကို ဆွဲယူနိုင်ခဲ့ပြီး ဒါကတော့ အီတီဟတ်ကွင်းမှာ ကစားရမယ့် မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်ပဲဖြစ်နေခဲ့ချိန်မှာ ကျန်တဲ့ အသင်းကြီးတွေကြားမှာတော့ ဒီလောက်ကြီး ခက်ခက်ခဲခဲ တွေ့ဆုံမှု မပါခဲ့ကြဘူးလို့ပဲ ဆိုရမှာပါ။

နောက်ထပ် စိတ်ဝင်စားစရာပွဲစဉ်ကတော့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကို နိုင်ပွဲအပြည့်နဲ့ ရောက်နေခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ အမ်းမရိတ်မှာ လက်ခံကစားရမယ့် ဘရိုက်တန်နဲ့ တွေ့ဆုံမှုပဲဖြစ်ပြီး ဂန်းနားတွေအနေနဲ့ သွက်လက်တက်ကြွနေတဲ့ ပင်လယ်စင်ရော်တွေကို ဧည့်ခံမှုမှာ သိပ်ပြီးတော့ မလွယ်ကူနိုင်တာကြောင့် ပရိသတ်တွေ ရင်ခုန်နိုင်ကြမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ကလည်း လက်ရှိအချိန်အထိ ဂဏန်းမငြိမ်သေးတာကြောင့် သူတို့အသင်းရဲ့ တွေ့ဆုံမှုဖြစ်တဲ့ အိုးလ်ထရက်ဖို့ဒ်က အက်စ်တန်ဗီလာနဲ့ ပွဲစဉ်ကို စိတ်ဝင်တစား စောင့်ကြည့်ရနိုင်သလို နယူးကာဆယ်လ်နဲ့ ခရစ္စတယ်လ်ပဲလေ့စ်၊ ဘုန်းမောက်နဲ့ အဲဗာတန်၊ ဝုလ်ဗာဟမ့်ပ်တန်နဲ့ လိဒ်စ်ယူနိုက်တက်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့လည်း ပရီးမီးယားလိဂ်အသင်းချင်း တွေ့ဆုံနေကြတာပါ။

အောက်တန်းအသင်းတွေနဲ့ တွေ့ဆုံပြီး ပွဲချောင်ခဲ့ကြသူတွေကတော့ လက်စတာနဲ့ နယူးပို့ကောင်တီ၊ ဝက်စ်ဟမ်းနဲ့ ဘလက်ဘန်း၊ လီဗာပူးလ်နဲ့ ဒါဘီ၊ ဆောက်သမ်တန်နဲ့ ရှက်ဖီးလ်ဒ် ဝမ့်စ်ဒေး၊ ဘရန့်ဖို့ဒ်နဲ့ ဂီလင်ဟမ်တို့ဖြစ်ကြပြီး သူတို့တွေကတော့ စတုတ္ထအဆင့်ကို အေးအေးဆေးဆေး တက်လှမ်းဖို့ ရေပန်းစားနေနိုင်ပါတယ်။

ကျန်တဲ့ အသင်းငယ်တွေချင်း တွေ့ဆုံမှုတွေကတော့ ဘန်လေနဲ့ ခရော်လီတောင်း၊ ဘရစ္စတိုလ်စီးတီးနဲ့ လင်ကွန်းစီးတီး၊ စတီဗန်နေ့ချ်နဲ့ ချာလ်တန်၊ MK ဒွန်းစ်နဲ့ မိုးကမ့်ဘ်တို့ဖြစ်ကြပြီး သူတို့တွေကတော့ နောက်တစ်ဆင့်ကို ပရီးမီးယားလိဂ်အသင်းကြီးတွေထဲက အနိုင်ရသူတွေနဲ့ တွေ့ရမယ့် အိမ်ဖြည့်အသင်းတွေအဖြစ် ဆက်လက် ပါဝင်လာနိုင်တာပါ။

တတိယအဆင့် ပွဲစဉ်တွေရဲ့ မဲခွဲရလဒ် အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

လက်စတာ-နယူးပို့ကောင်တီ
ဝက်စ်ဟမ်း-ဘလက်ဘန်း
ဝုလ်ဗ်စ်-လိဒ်စ်
ဖောရက်စ်-စပါးစ်
မန်ယူနိုက်တက်-ဗီလာ
ဘုန်းမောက်-အဲဗာတန်
လီဗာပူးလ်-ဒါဘီ
ဘန်လေ-ခရော်လီ
ဘရစ္စတိုလ်စီးတီး-လင်ကွန်း
မန်စီးတီး-ချဲလ်ဆီး
စတီဗန်နေ့ချ်-ချာလ်တန်
MK ဒွန်းစ်-မိုးကမ့်ဘ်
နယူးကာဆယ်လ်-ပဲလေ့စ်
ဆောက်သမ်တန်-ရှက်ဖီးလ် ဝမ့်စ်ဒေး
အာဆင်နယ်-ဘရိုက်တန်
ဘရန့်ဖို့ဒ်-ဂီလင်ဟမ်