ဖိုဖာနာနဲ့ ချဲလ်ဆီးတို့ ဇာတ်ပေါင်းခန်း မရောက်အောင် ဗီလိန်လုပ်နေတဲ့ လက်စတာနဲ့ နည်းပြရော်ဂျာ
လက်စတာအသင်းကတော့ ကစားသမားဘက်က ဘယ်လိုပဲ အသင်းပြောင်းရွှေ့ချင်နေပါစေ ဖိုဖာနာနဲ့ ချဲလ်ဆီးတို့ရဲ့ အပြောင်းအရွှေ့ကိုတော့ ပြတ်ပြတ်သားသားပဲ ကိုင်တွယ်နေပါတယ်။ လက်စတာက သူတို့ လိုချင်တဲ့ကြေးရမှသာ ပြင်သစ်သားကို လက်လွှတ်သွားဖွယ် ရှိနေပြီး အဆိုပါကြေးထက် နည်းပါးတဲ့ကြေးမှန်သမျှကို ပယ်ချနေတာ ဖြစ်ပါတယ်။
ဖိုဖာနာ အတွက် လက်စတာတို့ဟာ ၂၀၁၉ မှာ ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွဲရားကို မန်ယူအသင်းဆီ ရောင်းချခဲ့တဲ့ ပေါင် သန်း ၈ဝ တန်ကြေးထက် ပို လိုချင်တာဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ ထပ်ဆောင်းပြောင်းရွှေ့ကြေးတွေ အပါအဝင် ပေါင်သန်း ၇၀ နဲ့ နောက်ဆုံး ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကမ်းလှမ်းခဲ့တဲ့ အဆိုပါကမ်းလှမ်းမှုကိုတော့ လက်စတာဘက်က ပယ်ချ လိုက်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့တော့ ထို ကမ်းလှမ်းမှုထက်ပိုပြီးတော့ ကြေးတိုးပေးဖို့ ဆန္ဒမရှိတော့ဘူးလို့ The Athletic သတင်းဌာနက ဖော်ပြထားပြီး လက်စတာအသင်းဘက်ကလည်း လာမဲ့ရက်ပိုင်းတွေမှာ သဘောထား ပြောင်းလဲ လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အခြားတဖက်မှာတော့ ကစားသမားဖြစ်သူဟာလည်း ဒီအပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့အတွက် လက်စတာအသင်းကို ဖိအားပေးမှုတွေ ပြုလုပ်နေပြီး ဆောက်ဟမ်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာသာမက မနေ့ညက စတော့ပေါ့ထ်ကောင်တီအသင်းနဲ့ ကာရာဘောင်းပွဲမှာပါ ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။
လက်စတာအသင်းနဲ့ ဖိုဖာနာတို့ကြား ဆက်ဆံရေးက အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့ ဆိုနိုင်ပြီး လက်ရှိအချိန်မှာတော့ လေ့ကျင့်ခန်းအစီအစဉ်မှာပါ ပျက်ကွယ်မှုတွေ ရှိလာခဲ့တဲ့အတွက် လက်စတာဟာ ဖိုဖာနာကို ယူ-၂၃ အသင်းနဲ့ပဲ လေ့ကျင့်ခန်းဆင်းခိုင်းထားစေတယ်လို့ သိရပါတယ်။
လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာ ကတော့ ဖိုဖာနာရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အခုလို မှတ်ချက် ပေးထားပါတယ်။

“ကမ်းလှမ်းမှုကရောက်လာခဲ့ပြီး ကလပ်အသင်းဘက်က ငြင်းပယ်ခဲ့ပါတယ်။ ဒါထက်ပိုပြီး အခြား အချက်အလက်တွေ ကိုတော့ ကျွန်တော် တိတိကျကျ သိမထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ပွဲတွေအတွက်ပဲ အာရုံစိုက် ထားချင်လို့ ဖြစ်ပါတယ်။”
“ဟုတ်ပါတယ်။ သူဟာ ယူ-၂၃ အသင်းနဲ့ပဲ လေ့ကျင့်ခန်း ဆင်းနေပါတယ်။ ဒါဟာ ကြံ့ခိုင်မှုပိုင်းနဲ့ လက်ရှိခြေစွမ်းကို ဆက်ထိန်းထားနိုင်ဖို့အတွက် ဖြစ်ပြီး ဒီလိုအခြေအနေမျိုးမှာ ဒါတွေဟာ ကစားသမားအတွက် အရေးကြီးပါတယ်။ သူဟာ တကယ်တော်တဲ့ကလေးပါ။ လက်ရှိအချိန်ကတော့ သူ့အတွက် စိန်ခေါ်မှုတွေ ကြီးမားနေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုအခြေအနေများစွာကို ကြုံတွေ့ခဲ့ရဖူးပါတယ်။”
“ကစားသမားတွေအနေနဲ့ ဘယ်လို လုပ်ဆောင်ခဲ့တယ်။ ဘယ်အရာတွေကို လက်ခံခဲ့တယ်။ အသင်းဖော်တွေကို ဘယ်လိုအကူအညီပေးချင်လဲဆိုတာတွေနဲ့ပတ်သက်လို့ပေါ့။ အချို့အရာတွေဟာ အာရုံပြောင်းနေရင် ညှိလို့မရနိုင်ဘူးလေ။ ဒါပေါ့ ဒီအရာတွေဟာ ကစားသမားတဦးကို အာရုံပြောင်းစေတာပေါ့။ အမှားတွေ ဖြစ်လာစေတာပေါ့။ လေ့ကျင့်ခန်းအစီအစဉ်တွေကို ပျက်လာမယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့အနေနဲ့ ကစားသမားဆီကနေ အာရုံစူးစိုက်မှုအပြည့်ရဖို့ ကြိုးစားရတာပေါ့။”
“သူတို့ကို ကလပ်အသင်းက လစာပေးထားတာလေ။ အဲဒီအတွက် အလှည်အပြောင်း ဖြစ်လာအောင် ကိုယ်က ကြိုးစားရပါတယ်။ မရဘူးဆိုရင်တော့ နှစ်ဦးနှစ်ဖက် လေးစားသောအားဖြင့် လူစာရင်းထဲမှာ ရှိမနေရုံ လုပ်ရတော့တာပါပဲ။ ဒါပေမဲ့လည်း ကျွန်တော် စောစောက ပြောခဲ့သလိုပဲ သူဟာ တော်တဲ့ ကလေးပါ။ အရာအားလုံးနဲ့ အဆင်ပြေအောင်လုပ်ဖို့က သူ့အတွက် ခက်ခဲပါတယ်။ ဒီအချိန်မှာ သူ ကစားနိုင်ဖို့လည်း ခက်ခဲပါတယ်။”
“ကျွန်တော့်အနေနဲ့ ပြောရရင်တော့ အပြောင်းအရွှေ့ အနှေးနဲ့အမြန် ဖြစ်လာခဲ့ရင်တော့ ကောင်းတာပေါ့။ ကျွန်တော်တို့အသင်းအတွက်လည်း အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အကျိုးရှိနေနိုင်တယ်လေ။” လို့ ပြောကြားသွားခဲ့ပါတယ်။