၅ သန်းပဲ လိုတော့တဲ့ တိုင်လီမန်းစ်၊ လူးကပ်စ် ပါကာ၊ ပေပေ၊ နီတိုတို့နဲ့ ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ စုစည်းမှု

နယူးကာဆယ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လူးကပ်စ် ပါကာကို မျက်စိကျနေပါတယ်။ ဘရာဇီးလ်သားအတွက် ငှက်ကျားတို့ဟာ ပေါင် ၄၃ သန်းအထိ ပေးချေသွားဖို့ အသင့်ရှိနေကြောင်း သိရပြီး လက်စတာအသင်းရဲ့ မက်ဒီဆင်ကို မရရင် ချဉ်းကပ်သွားမယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ နီတိုကို ခေါယူဖို့ ကြိုးပမ်းနိုင်ပေမယ့် လက်တွေ့ဖြစ်လာဖို့ကတော့အလွန်ခက်ခဲကြောင်း ပေါ်တူဂီသတင်းတေ်ွက ဖော်ပြလာပါတယ်။ ဝုဗ်အသင်းရဲ့ အသက် ၂၂ အရွယ် တောင်ပံလူ နီတိုကို ဂန်းနားတို့ဟာ တောင်ပံအားဖြည့်ဖို့အတွက် ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေကတော့ ကျယ်ပြန့်စွာထွက်ပေါ်နေပါတယ်။

ဂန်းနားတို့ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပေပေ ကတော့ နာရီပိုင်းအတွင်းမှာပဲ နိုက်စ် အသင်းကို တရာသီ အငှားနဲ့ပြောင်းရွှေ့တော့မယ်လို့သိရပါတယ်။ အိုင်ဗရီကို့စ်တောင်ပံသမားဟာ ပြီးခဲ့တဲ့အပတ်ထဲက ပြင်သစ်မြေကိုပြန်ဖို့ သတင်းတွေထွက်နေခဲ့ပေမယ့် လက်စတာရဲ့ ကြားဖြတ်ကမ်းလှမ်းမှုကြောင့် နှောင့်နှေးနေခဲ့တာပါ။ ကစားသမားလစာကို အငှားကာလအတွက် အာဆင်နယ်နဲ့ နိုက်စ်တို့က တဝက်စီမျှခံကြမယ်လို့ သိရပါတယ်။

အာဆင်နယ်ရဲ့ တိုင်လီမန်းစ် ခေါ်ယူမှုမှာ ပေါင် ၅ သန်းလောက်သာ အတိုးအလျော့ လုပ်ပြီး ညှိနှိုင်းဖို့လိုကြောင်း သတင်းထောက် ဘင်ဂျက်ကော့ဗ်က ပြောကြားလာပါတယ်။ လက်စတာအသင်းဟာ မူလက ပေါင် ၃၈ သန်းလောက် လိုချင်ခဲ့ပေမယ့် ၊ လက်ရှိကာလမှာတော့ ပေါင် ၃၂ သန်း အထိ ဈေးနှုန်းလျော့ချလိုက်ပြီဖြစ်ပါတယ်။ အာဆင်နယ် ကလည်း ပေါင် ၂၅ သန်းလောက်သာ သုံးစွဲလိုတဲ့ ဆန္ဒရှိတယ်လို့သိရပါတယ်။

ဂန်းနားဂန္တဝင်ကြီး ဝင်းဂါးဟာ တချိန်တုန်းက ဂျေးဆူနဲ့ နီတို တို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။ အဆိုပါကစားသမားများ ဆယ်ကျော်သက်ဘဝတုန်းက အာဆင်နယ်တို့ဟာ အသင်းကိုခေါ်ယူဖို့ကြိုးစားခဲ့ဖူးပြီး အောင်မြင်မှု မရခဲ့တာလို့ဆိုပါတယ်။

အာဆင်နယ် ကစားသမားသစ် ဗီအဲရာဟာ လေ့ကျင့်ရေးကွင်းမှာ ပုံစံကောင်းတွေပြသနေပြီး နောက်ခံလူ ဆာလီဘာနဲ့ ချိတ်ဆက်ကစားပုံကလည်း အရည်အသွေးမြင့်ကြောင်း ပေါ်တူဂီမီဒီယာများမှာ ရေးသားနေကြပါတယ်။ ပေါင် ၃၄ သန်းတန်ကွင်းလယ်လူဟာ အသင်းကို ရောက်ရှိလာကတည်းက ပွဲထွက်ရခြင်းမရှိသေးပဲ လေ့ကျင့်ရေးနဲ့ လူငယ်ပွဲမှာသာ ဝင်ရောက်ကစားရသေးသူလည်း ဖြစ်ပါတယ်။