ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရပြီး လန်ဒန်သို့ ရောက်လာပြီ ဖြစ်တဲ့ အူဘာမီးယန်း
ချဲလ်ဆီး အသင်းကတော့ ဘာစီလိုနာ အသင်းက တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရသွားပြီလို့ ဆိုပါတယ်။ ဒီ ဂါဘွန် နိင်ငံသားအတွက် ပေါင် ၁၈ သန်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အူဘာမီယန်း က အာဆင်နယ်မှာ နည်းပြ အာတီတာရဲ့ အသင်းခေါင်းဆောင် ရာထူး ကနေ ပယ်ရှားခြင်း ခံရသလို အာဆင်နယ် အသင်းက ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်လိုက်တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့သွားတာဖြစ်ပါတယ်။
သူက ဘာစီလိုနာအသင်းထံ ကို ပြောင်းရွှေ့ခဲ့ပြီး ၂၄ ပွဲမှာ ၁၃ဂိုးအထိသွင်းယူနိူင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ ရဲ့ ဘာစီလိုနာ ကစားသမားဘဝဟာ ဒေါ့မွန် ကစားဖော်ဟောင်းဖြစ်တဲ့ လီဝန်ဒေါ့စကီး ရောက်လာပြီး ပွဲကစားခွင့် အကန့်အသတ် ဖြစ်လာကာ အခက်တွေ့လာဖို့ ရှိနေပါတယ်။

ဒီအချိန်မှာ တိုက်စစ်မှုးကောင်း ရှာဖွေနေတဲ့ ချဲလ်ဆီးက အူဘာမီယန်းကို ပစ်မှတ်ထားလာပြီး ကစားသမားကလည်း အသင်းပြောင်းဖို့ စဉ်းစားလာတာပါ။
ဂါဘွန်သားဟာ ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ တူချယ်နဲ့ ချဲလ်ဆီးမှာ ပြန်လက်တွဲ ချင်တာကြောင့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီ သွားတာဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းက တိုက်စစ်မှူးဖြစ်တဲ့ လူကာကူ ကို အင်တာမီလန်ကို အငှားချ၊ ဝါနာကို လိုင်ဇစ်ကို ပြန်ရောင်းပြီး နွေတစ်ခုလုံး တိုက်စစ်မှူး ရှာနေခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာ နဲ့ ချဲလ်ဆီးတို့က ရက်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီး နောက်ဆုံးမှာတော့ သဘောတူညီချက်ရသွားကာ အူဘာက လန်ဒန်ကို လာဖို့အတွက် လေဆိပ်ကို ရောက်နေပြီလို့ဆိုပါတယ်။
အူဘာမီယန်း က အာဆင်နယ် အသင်းအတွက် ၁၆၃ ပွဲကစားခဲ့ပြီး ၉၂ ဂိုးသွင်းယူနိူင်ခဲ့ကာ အာဆင်နယ်နဲ့ ကွန်မြူနီတီဖလား၊ FA ဖလားတို့ ဆွတ်ခူးရရှိခဲ့ကာ ပရီးမီးယားလိဂ်မှာ ဝါရင့်ပြီးသား တိုက်စစ်မှုး ဖြစ်ပါတယ်။