ငွေရှိရင် လုပ်တိုင်း ဖြစ်တယ် ဆိုတာ ပြသဖို့ ဂေါ့ဖ်ကလပ်ကိုဝယ်ပြီး ဖြိုဖျက်ပြတော့မယ့် စီ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ငွေရှိရင် ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်လို့ရတယ် ဆိုတာ ပြသဖို့ ကြိုးစားတော့မှာပါ။

ပေါ်တူဂီသားဟာ သူ့ရဲ့ ပေါင် (၁၇) သန်းတန် နေအိမ်ဘေးက ဂေါ့ဖ် ကလပ်တခုကို ဝယ်ယူဖို့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အကြောင်းရင်းကတော့ အဆိုပါ အဆောက်အအုံဟာ သူ့အိမ်ကနေ မြင်တွေ့ရတဲ့မြင်ကွင်းကို ကွယ်နေတာကြောင့် ဖြစ်ပြီး ဒီဂေါ့ဖ်ကလပ်ကြီးကို ဝယ်ယူပြီးသွားရင် ဖြိုချသွားဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

ရော်နယ်ဒိုဟာ အနာဂတ်မှာ ပေါ်တူဂီနိုင်ငံက အဆိုပါနေအိမ်မှာ သူ့မိသားစုနဲ့အတူတူနေထိုင်သွားဖို့ ရည်ရွယ်ထားပြီး ဒီဂေါ့ဖ်ကလပ် အဆောက်အအုံကြီးက ရော်နယ်ဒိုရဲ့အိမ်နဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ တည်ရှိနေပါတယ်။

ရော်နယ်ဒိုဟာ အဆောက်အအုံတင်မကဘဲ အဆိုပါ အဆောက်အအုံကို လာရောက်မယ့်သူတွေအတွက် တည်ဆောက်ပေးထားတဲ့ ကားပါကင်နေရာကိုပါ ဝယ်ယူသွားမယ်လို့ သိရှိရပါတယ်။

အတွင်း သတင်းတွေ အဆို အရ ရော်နယ်ဒိုဟာ သူ့ရဲ့နေအိမ်အသစ်မှာ ကားထားဖို့ဂိုဒေါင်ကိုလည်း ဓာတ်လှေကား ပါဝင်တဲ့ အဆောက်အအုံတခု အဖြစ် ဖန်တီးတည်ဆောက်သွားဖို့ ရည်ရွယ်ထားပါတယ်။

ရော်နယ်ဒိုရဲ့အနာဂတ်နေအိမ်ကလည်း လက်ရှိအချိန်မှာ ဆောက်လုပ်ဆဲ အနေအထားသာရှိပြီး လာမယ့်နှစ်အစောပိုင်းမှာ အပြီးသတ်သွားဖွယ်ရှိပါတယ်။ အိမ်ရဲ့အကျယ်အဝန်းကတော့ စတုရန်းပေ (၁၂,၀၀၀) အထိရှိတယ်လို့ သိရှိရပြီး ဗိသုကာပညာရှင် ဗစ်တာဗစ်တိုရီနိုက တာဝန်ယူ တည်ဆောက်နေပါတယ်။

ရော်နယ်ဒိုရဲ့မြင်ကွင်းကိုကွယ်နိုင်မယ့် ဂေါ့ဖ်ကလပ်ကလည်း ဆောက်လုပ်ဆဲအနေအထားမှာသာရှိပါသေးတယ်။

ထို သတင်းရင်းမြစ်က “ရော်နယ်ဒိုအတွက် အဲ့ဒီဂေါ့ဖ်ကလပ်က ပြဿနာဖြစ်နေပြီး ဒီပြဿနာကို ရော်နယ်ဒိုက ရှင်းပစ်ချင်နေပါတယ်။ ပိုက်ဆံကုန်တာက ရော်နယ်ဒိုအတွက် ပြဿနာမရှိပါဘူး။ သူက ပြီးပြည့်စုံမှုတခုအတွက် အရာရာလုပ်နိုင်တဲ့အနေအထားမျိုးပါ” လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ရှေ့နေတွေကလည်း ဒီဂေါ့ဖ်ကလပ်ရဲ့ပိုင်ရှင်နဲ့ တွေ့ဆုံခဲ့ပြီးဖြစ်ပေမယ့် နှစ်ဖက်အကြား ဘာတွေပြောခဲ့သလဲ ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။