ဖိုဖာနာ အတွက် နောက်ထပ်ကမ်းလှမ်းမှု၊ အူဘာနဲ့ ဂေါ်ဒွန် မခေါ်ဖို့ ကန့်ကွက်သူနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီး ဟာ ဝက်စ်လေ ဖိုဖာနာ အတွက် ပေါင် ၇၅ သန်း နဲ့ ထပ်မံ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ တတိယအကြိမ် ကမ်းလှမ်းမှုမှာ ချဲလ်ဆီးက ပေါင် သန်း ၇ဝ ပေးခဲ့ပေမယ့် လက်စတာက ငြင်းဆန်ပယ်ချခဲ့တာပါ။
ချဲလ်ဆီး နဲ့ ဘာစီလိုနာ တို့ကတော့ အူဘာမီးယန်း အတွက် ဆက်လက် ဆွေးနွေး နေကြဆဲ ဖြစ်ကာ အခုထိ သဘောတူညီမှု မရရှိ နိုင်ကြသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် ကစားသမားက လန်ဒန်သို့ ရောက်နေတဲ့ ပုံရိပ်တွေလည်းထွက်ပေါ်နေပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုတွေ မနေ့က ထွက်ပေါ်ခဲ့ရာ ချဲလ်ဆီးဟာ အုပ်စု E မှာ အေစီမီလန်၊ ဆဲလ်ဘတ်နဲ့ ဒိုင်နမိုဇာဂရက်တိုနဲ့ အတူ ကျရောက်နေပါတယ်။
လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အနေနဲ့ ချဲလ်ဆီးလူငယ်ကြယ်ပွင့် အမ်ပါဒူကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်း နေပါတယ်။ အသက် ၂၁ နှစ် အရွယ် ကွင်းလယ်ခံစစ်ကစားသမားဟာ ချဲလ်ဆီးကို ၂၀၁၇ ခုနှစ်ကပြောင်းရွှေ့လာခဲ့ပေမဲ့ အသင်းအတွက် ပရီးမီးယားလိဂ်တစ်ပွဲသာ ပါဝင်ကစားခွင့်ရထားသူပါ။
အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော ကတော့ ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ ဂေါ်ဒွန် ဟာ ပေါင်သန်း ၆၀နဲ့ ထိုက်တန်မှု မရှိဘူး သုံးသပ်ခဲ့သလို အူဘားမီးယန်းဟာလည်း အကောင်းဆုံး ခြေစွမ်း မရှိတော့ကြောင်း မှတ်ချက်ပြုခဲ့ကာ ချဲလ်ဆီးဟာ ဒီဒီယာ ဒရော့ဘာ၊ ဒီယေဂို ကော်စတာတို့လို အားနဲ့မာန်နဲ့ ကစားပေးနိုင်မယ့် တိုက်စစ်မှူးမျိုး ခေါ်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကတော့ ချဲလ်ဆီးသာ ဖိုဖာနာကို အရ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် အတောင့်တင်းဆုံး ပွဲထွက် ခံစစ်ကြောင်းကို ပိုင်ဆိုင်သွားမှာ ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ဒိုင်နမိုမော်စကိုအသင်းက ရုရှားကြယ်ပွင့် ဇက်ဟာယန်ကိုခေါ်ယူဖို့ လှုပ်ရှားနေပါတယ်။ ချဲလ်ဆီးအနေနဲ့ အဆိုပါ ၁၉ နှစ်အရွယ်ကြယ်ပွင့် ကစားသမားလေးကိုစာချုပ်ဖျက်သိမ်းကြေး ယူရို ၁၅ သန်း ပေးချေးပြီးခေါ်ယူဖို့ ပြင်ဆင်နေတာပါ။