ဂန်းနားတွေက ပွဲတိုင်း အနိုင်ယူဖို့ ဆာလောင်နေပြီလို့ ကြုံးဝါးလိုက်တဲ့ အာဆင်နယ် တိုက်စစ်သမား ဆာကာ
အာဆင်နယ်အသင်းကတော့ စနေနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ရာနှုန်းပြည့်အနိုင်ရတဲ့ စံချိန်ကို ဆက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဖူလ်ဟမ်အသင်းကို မီထရိုဗစ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ဂိုးပေးခဲ့ရပြီး နောက်ကနေ လိုက် ကစားကာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရယူနိုင်ခဲ့တာပါ။ အာဆင်နယ်အတွက်ဂိုးတွေကို အိုဒီဂတ်နဲ့ ဂါဘရီရယ်လ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်း တိုက်စစ်ကစားသမား ဆာကာကတော့ အသင်းဟာ ဒီရာသီမှာ အောင်မြင်မှုတွေရဖို့ အလွန်ကို ဆာလောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆာကာက “ပွဲတိုင်းအနိုင်ရဖို့ ကျွန်တော်တို့ အားလုံး ဆာလောင်နေကြပါတယ်။ ဒီပုံစံအတိုင်းပဲ ကျွန်တော်တို့ တစ်ရာသီလုံး ဆက်သွားမှာပါ။ ပရီးမီးယားလိဂ်က ဘယ်လောက်ခက်ခဲလဲဆိုတာ သိပါတယ်”
“ကျွန်တော်တို့ အခုဆို လာမယ့်ပွဲ၊ နောက်ထပ်လာမယ့်ပွဲတွေကိုပဲ အာရုံစိုက်သွားမှာပါ”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းနိုင်ပွဲရခဲ့ပြီး ပရီးမီးယားလိဂ် ၄ ပွဲကစား ၄ ပွဲလုံးအနိုင်ရကာ ရာနှုန်းပြည့် နိုင်ပွဲ မှတ်တမ်းနဲ့ အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ဆက်လက်ဦးဆောင်နေခဲ့တာပါ။
ဒီနှစ်တွေ အတွင်း ပရီးမီးယားလိဂ်မှာ လွှမ်းမိုးထားတဲ့ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ကတော့ အမှတ်တွေ လျော့ထားတာကြောင့် ဂန်းနားတို့ နောက်မှာပဲရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။