လက်ရှိ တိုက်စစ်ကို အားရနေတဲ့ တန်ဟက်၊ အန်တိုနီ ရဖို့နီးလာခြင်း၊ မာရှယ်၊ ရော်နယ်ဒိုတို့နဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ

ဆောက်သမ်တန်အား အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးအား အနိုင်ရရှိခဲ့တဲ့ ပွဲက အတိုင်း ဆက်လုပ်ပြနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အား အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ချီးကျူးလိုက်ပါတယ်။

ပွဲကစားချိန် ၅၅ မိနစ်မှာ ဒါလော့ရဲ့ ဖြတ်တင်ပေးပို့မှုကို ဖာနန်ဒက်စ်က အနိုင်ဂိုး လှလှပပ ပိတ်သွင်း ယူခဲ့တာ ဖြစ်ပြီး တန်ဟက် တာဝန်ယူပြီးနောက် အသင်းအား ၂ ပွဲဆက် အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူနည်းပြ တန်ဟက်က ရက်ဖို့ဒ်က လိုအပ်ချိန်မှာ ထိထိရောက်ရောက် ကစားနိုင်တယ်လို့ ချီးကျူးလိုက်ပြီး အသင်း လက်ရှိ တိုက်စစ် အစုအဖွဲ့ကို အားရမှု ရှိပြီး လူသစ် ခေါ်ယူဖို့ ရှာဖွေမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှုး အန်သိုနီ မာရှယ် ကို စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ ရာသီဝက် ဆီဗီလာမှာ အငှားထွက် ကစားခဲ့သေးပြီး ဒီရာသီ နည်းပြတန်ဟက် လက်ထက်မှာ ခြေစွမ်းပြနေခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ကစားပုံက နည်းပြရဲ့ ဖိအားပေး ကစားပုံနှင့် မကိုက်ညီတဲ့ ပုံရှိနေသော်လည်း တန်ဟက်ရဲ့ လက်ရှိ လူစာရင်းမှာ လိုအပ်နေတဲ့ မြန်နှုန်းဖြင့် ကစားတဲ့ တိုက်စစ်မှုး နေရာအတွက် ရော်နယ်ဒိုက ကစားနိုင်သေးကြောင်း ပေါလ်စခိုးက ယူဆနေပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အေးဂျင့် မန်ဒက်စ် ကတော့ နာပိုလီ အသင်းနဲ့ သွားရောက် ဆွေးနွေးနေတယ်လို့ သိရှိရ ပါတယ်။

အေဂျက်စ် တောင်ပံ ကစားသမား အန်တိုနီ ဟာ သူ့ကို အသင်းပြောင်းရွှေ့ခွင့် ပြုဖို့ နယ်သာလန် ကလပ်ကို တောင်းဆို ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အေဂျက် တိုက်စစ်မှုး အန်တိုနီ ကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း စကိုင်းစပေါ့ သတင်းက ဖော်ပြလာပါတယ်။ ကလပ်နှစ်သင်းကြား ဆွေးနွေးမှုကလည်း တိုးတက်နေပြီး လာမယ့် ၂၄ နာရီ အတွင်း သဘောတူညီမှုရဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်ဟာ စီ ရော်နယ်ဒို ကို ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် မန်ယူ နည်းပြဟောင်း ရန်းနစ်နဲ့ စကားပြောဆို အပြီးမှာ ပေါ်တူဂီသားကို ခေါ်ဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။