အောင်ပွဲခံတာ ရုပ်ပေါက်လွန်းတယ် ဆိုတဲ့ ဝေဖန်မှု၊ အဆန်စီယို သတင်းကြီးလာခြင်း၊ နီဗက်ဇ်၊ ဆာကာတို့နဲ့ ယနေ့ အာဆင်နယ် သတင်းများ

နည်းပြ အာတီတာက အာဆင်နယ် အသင်းဟာ အများကြီး တိုးတက်ကာ ရင့်ကျက်လာပြီ ဖြစ်ကြောင်း ဒီအပတ် ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဖူလ်ဟမ်က မီထရိုဗစ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ အာဆင်နယ်က အိုဒီဂတ်၊ မာဂယ်ဟေးစ်တို့ရဲ့ ဂိုးတွေနဲ့အတူ ပြန်လည် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်၊ မန်ယူ၊ လီဗာပူးအသင်းတို့နဲ့ သတင်းထွက်နေတဲ့ ဝုဗ်ကစားသမား ရူဘင် နီဗက်စ် ကတော့ သူ့အနေနဲ့ ဘောလုံးကိုသာ အာရုံစိုက်နေကြောင်း၊ ဘာဖြစ်လာမလည်းဆိုတာကို မသိကြောင်း ဖြေကြားလိုက်ပါတယ်။

ဝုဗ် နည်းပြ ဘရူနို လာ့ဂေ့ချ် ကလည်း ကွင်းလယ်လူ ရူဘင် နီဗက်စ် ဟာ အသင်းမှာ ဆက်ရှိနေဖို့ ၉၉% အာမခံ နိုင်ပါတယ်လို့ မနေ့က ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကြာသပတေးနေ့ အပြောင်းအရွှေ့ ပိတ်ရက် မတိုင်ခင် ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား မာကို အဆန်စီယို ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်က ရေပန်းစားလာနေပါတယ်။

အာဆင်နယ်အသင်းရဲ့တောင်ပံကစားသမား ဆာကာကတော့ သူ့ရဲ့ အသင်းအနေနဲ့ ဒီရာသီမှာ နိုင်ပွဲတွေ အရမ်း ဆာလောင်တဲ့ အသင်းတစ်သင်းအဖြစ် ရှိနေခဲ့ပြီလို့ ဖူလ်ဟမ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ ပွဲမှာ ဂါဘရီရယ် အနိုင်ဂိုး သွင်းပြီးချိန် အရန်ခုံကနေ ပြေးလာပြီး အောင်ပွဲ ခံခဲ့တဲ့ ဇင်ချန်ကို ကို အာဆင်နယ် ပရိသတ်တွေ သဘောကျနေကြပါတယ်။ ဇင်ချန်ကို ကို အပြင်လူလို့ ထင်ပြီး လုံခြုံရေးက ဆွဲထုတ်ဖို့ ကြိုးစားခဲ့ရသလို ယူကရိန်းသားဟာ ပွဲပြီးချိန်မှာ စတုတ္ထဒိုင်ကိုလည်း သွားရောက် တောင်းဆို ပြောဆိုနေတာ တွေ့ရလို့ ဂန်းနား ပရိသတ်တွေကတော့ အားရနေကြပါတယ်။

BeIN Sports မှ အစီအစဉ် တင်ဆက်သူ ရစ်ချက် ကီးစ်ကတော့ တန်းတက် ဖူလ်ဟမ်ကို ၂-၁ နဲ့ နိုင်ပြီးချိန်မှာ အာဆင်နယ်နဲ့ နည်းပြ အာတီတာတို့ အောင်ပွဲခံတာက အလွန်အကျွံနိုင်ပြီး ရုပ်ပေါက်လွန်းတယ်လို့ ဝေဖန် ပြောဆို သွားခဲ့ပါတယ်။