ဈေးကွက် မပိတ်ခင် တိုက်စစ်မှုး ရဖို့ အူဘာနဲ့ ဂေါ်ဒွန် အပြင် နောက်ထပ် ပစ်မှတ်သစ်ပါ ထပ်ချိန်လိုက်တဲ့ ချဲလ်ဆီး

ဒီအပြောင်းအရွှေ့မှာ တိုက်စစ် ထပ်မံ အားဖြည့်ဖို့ စီစဉ်နေတဲ့ ချဲလ်ဆီး ဟာ ဘာစီလိုနာ တိုက်စစ်မှုး အူဘာမီယန်းကို ခေါ်ယူရန် ကြန့်ကြာနေမှုကြောင့် ခရစ္စတယ်ပဲလေ့စ်ရဲ့ အဓိက ကစားသမား ဇာဟာကို ပြောင်းလဲ စိတ်ဝင်စားလာခဲ့ပြီး ဈေးကွက်မပိတ်ခင်လေးမှာ နောက်ကျကမ်းလှမ်းမှုတစ်ခု လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။

ဒီနွေမှာ လူကာကူ ဗာနာတို့ကို အသင်းကနေ ရှင်းထုတ်ထားပြီး ဇီယက်ချ်ကိုပါ လက်လွတ်သွားရဖွယ် ရှိနေတဲ့ ချဲလ်ဆီး က အသင်းတိုက်စစ်ပိုင်းအတွက် ရာဟင်စတာလင်ကိုသာ ပြန်လည် အားဖြည့်ထားခဲ့တာပါ။ ဒါကြောင့် အနည်းဆုံး အထောင်တိုက်စစ်အတွက် ကစားသမားတစ်ဦး ထပ်မံ ခေါ်ယူလိုနေပါတယ်။

ထိုနေရာအတွက်ကိုလည်း အာဆင်နယ် ကစားသမားဟောင်း အူဘာမီယန်းနဲ့ ဖြည့်တင်းသွားဖို့ ကြိုးပမ်းခဲ့ပေမယ့် ဈေးကွက်ပိတ်ခါနီးထိ အပြောင်းအရွှေ့က မဖြစ်နိုင်သေးတာကြောင့် ချဲလ်ဆီး ဘက်က ဇာဟာကို ပြောင်းလဲ ပစ်မှတ်ထား ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ပဲလေ့စ်အတွက် (၃)ပွဲကစား (၃)ဂိုး သွင်းယူထားနိုင်တဲ့ ဇာဟာ ဟာ လက်ရှိမှာတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ ပစ်မှတ်ကစားသမားတစ်ဦး ဖြစ်နေပါတယ်။ အာဆင်နယ်ကလည်း နိုက်စ်ကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ပေပေရဲ့နေရာမှာ ဇာဟာနဲ့ အစားထိုးချင်နေသလို ဂေါ်ဒွန်၊ အူဘာမီယန်းတို့ကို ခေါ်ယူဖို့ ခဲယဉ်းနေတဲ့ ချဲလ်ဆီး ကလည်း ဇာဟာကို အလိုရှိနေပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဇာဟာက လက်ရှိမှာ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး ဇာဟာကိုယ်တိုင်က ပဲလေ့စ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ် မရှိတာကြောင့် ဒီအခြေအနေကို ပဲလေ့စ်ဘက်က သေချာစဉ်းစားရဖွယ် ရှိလာနိုင်ပါတယ်။

ထပ်ပြီး ဖြစ်လာနိုင်ကတော့ ချဲလ်ဆီး ကသာ ဇာဟာကို အမှန်တကယ် ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ပဲလေ့စ်အနေနဲ့ ဇာဟာအတွက် ပြောင်းရွှေ့ကြေးအပြင် မနှစ်တုန်းက ချဲလ်ဆီး ကနေ အငှားနဲ့ ခေါ်ယူခဲ့ဖူးတဲ့ ဂယ်လာဂါကိုပါ နောက်တစ်ရာသီ အငှားချပေးဖို့ထိပါ တောင်းဆိုခွင့် ရလာနိုင်မယ့် အခြေအနေမျိုး ရှိနေတာကိုပါ စဉ်းစားလာနိုင်ပါတယ်။

ချဲလ်ဆီး အသင်းကတော့ နွေဈေးကွက် မပိတ်ခင် ရက်ပိုင်းလေးအလိုမှာ အသင်းခံစစ်ပိုင်းအတွက် ဝက်စလေဖိုဖာနာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားသလို တိုက်စစ်ပိုင်းအတွက်ကိုလည်း အူဘာ၊ ဇာဟာနဲ့ ဂေါ်ဒွန်တို့ထဲက တစ်ဦးဦးကို အရ ခေါ်ယူဖွယ် ရှိနေပါတယ်။