သတိပေးခံရတဲ့ အန်တိုနီနဲ့ မာတီနက်ဇ်၊ ဒက်စ် – ဘစ်ဆာကာ အလဲအထပ်နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် မက်ဂျ်ဘရီကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာပြီးနောက် နောက်ထပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ တာဟစ်ချောင်ကိုပါ အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
မန်ချက်စတာ တိုက်စစ်ကစားသမားသစ် အန်တိုနီအနေနဲ့ အသင်းမှာ အံဝင်ဖို့ အချိန်လိုအပ်ကြောင်း မန်ယူ နောက်ခံလူ ဟောင်း ဖာဒီနန်က သတိပေးပြောကြားလိုက်ပါတယ်။ အန်တိုနီကို ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။

မန်ယူ၊ နယူးကာဆယ်၊ တခြားသော စပိန်နဲ့အီတလီအသင်းတို့ စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး တိုက်စစ်ကစားသမား ပူလီဆစ် ဟာ လက်ကျန်အပြောင်းအရွှေ့ရက်အတွင်း စတမ်းဖို့ဘရစ်ချ်ကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။ ချဲလ်ဆီး က ပူလီဆစ် ကို အသင်းမှာ ဆက်ထိန်းသွားမှာပါ။
ဂျရေမီ ဆောင်းနက်စ်ကတော့ လတ်တလောမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အာဂျင်တီးနား နောက်ခံလူ မာတီနက်ဇ်ဟာ ခံစစ်မှူးကောင်း တဦး မဟုတ်ပဲ မကြာခင်မှာ လူတွေက မာတီနက်ဇ်ရဲ့ ခြေစွမ်းဆိုးတွေကို မြင်လာရလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။
ချဲလ်ဆီး၊ မန်ယူ၊ လီဗာပူးလ်အသင်းတို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ဘာစီလိုနာ ကွင်းလယ် ကစားသမားလေး ဖရန်ကီ ဒီဂျောင် ဟာ လန်ဒန်ကို ရောက်ရှိနေပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့မသက်ဆိုင်ဘဲ ဗန်ဒီဘိခ် မင်္ဂလာဆောင် တက်ရောက်ဖို့ လို့ စပိန် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပစ်မှတ်ထားနေတဲ့ဘာစီလိုနာနောက်ခံလူ ဆာဂျီနိုဒက်စ်ကိုခေါ်ယူဖို့ သဘောတူညီမှု မရရှိသေးပါဘူး။ ဘာစီလိုနာဟာ အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းခင် ဆာဂျီနိုဒက်စ်ကို ရှင်းထုတ်လိုနေပြီး သူ့ကို မန်ယူအသင်းက ခေါ်ယူဖို့၊ ဘစ်ဆာကာနဲ့ အလဲအထပ် လုပ်ဖို့ ညှိနှိုင်းနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဂိုးသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ စီအီးအို အဖြစ် လုပ်ကိုင်နေတဲ့ အက်ဒဝင် ဗန်ဒါဆားဟာ အေဂျက်ရဲ့ ကြယ်ပွင့် ကစားသမား အန်တိုနီကို မန်ယူ ခေါ်ယူနိုင်အောင် ကြားထဲကနေ လျို့ဝှက် ကူညီပေးခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။