စိန့်မေရီမှ ချဲလ်ဆီးတို့ ရှုံးပွဲ၊ နည်းပြ တူချယ်ရဲ့ ဆင်ခြေ၊ အူဘာအတွက် ဆက်ညှိနေခြင်းနဲ့ ယနေ့ နံနက်ခင်း ချဲလ်ဆီး သတင်းများ စုစည်းမှု

မနေ့ညက ဆောက်သမ်တန်နဲ့ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင် ဆောက်သမ်တန်က မာကျောမှုကိုပြသကာ အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးရဲ့ခြေစွမ်းပိုင်းက ညံ့လွန်းခဲ့ပြီး လိုအပ်ချက်တွေ များခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြ တူချယ် က ချဲလ်ဆီးအသင်း ခံစစ်ဟာ ပျော့လွန်းပြီး အသင်းလိုက် ဟန်ချက် မညီတာကြောင့် ရှုံးနိမ့်ခဲ့ရတယ် လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ ချဲလ်ဆီးရဲ့အဓိက ကစားသမား ရီစီဂျိမ်းစ် ဒဏ်ရာကြောင့် မပါခဲ့ပါဘူး။ ဂျိမ်းစ်ဟာ ခံစစ် ကစားသမားဆိုပေမဲ့ တိုက်စစ်အတွက်လည်း အလွန်အားကိုးရသူဖြစ်ပြီး လိုအပ်ရင် အသင်းအတွက် ဂိုးလည်း သွင်းနိုင်သူပါ။ ဂျိမ်းစ် မပါတဲ့ ချဲလ်ဆီးညာဘက်ခြမ်းဟာ ဆောက်သမ်တန်နဲ့ပွဲမှာ သိသိသာသာ အားနည်းခဲ့ပြီး အက်ပီကျူတာနဲ့ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။

ဖူလ်ဟမ်အသင်းဟာ ချဲလ်ဆီးနဲ့ အာဆင်နယ် တိုက်စစ်ကစားသမားဟောင်း ဝီလီယံကို ခေါ်ယူနိုင်ပါတော့မယ်။ ဘရာဇီးလ်သား ဟာ ကိုဟင်ချန်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ဒီအပတ်ထဲမှာပဲ ဖူလ်ဟမ်အသင်းနဲ့ ဆေးစစ်မှု ခံယူကာ အပြီးသတ်စာချုပ် ချုပ်ဆိုမှာပါ။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က အဲဗာတန်ကြယ်ပွင့် ဂေါ်ဒွန်ကို ချဲလ်ဆီးထံပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဂေါ်ဒွန်ဟာ လက်ရှိမှာ အသင်းရဲ့ရတနာတစ်ပါးဖြစ်ကြောင်း၊ ဂေါ်ဒွန်ဟာ တောက်ပတဲ့ အလားအလာများစွာကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း ဖာဒီနန်က ဆိုခဲ့ပါတယ်။

ဘာစီလိုနာ နဲ့ ချဲလ်ဆီး တို့ကတော့ အူဘာမီးယန်း အတွက် ဆက်လက် ညှိနှိုင်း နေကြဆဲ ဖြစ်ကာ ကတ်တလန် ကလပ် က ယူရို ၂၅ သန်း အထိ အလိုရှိနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ပူလီဆစ်အနေနဲ့ လက်ကျန်အပြောင်းအရွှေ့ရက်အတွင်း စတမ်းဖို့ဘရစ်ချ်ကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။ မန်ယူ၊ နယူးကာဆယ်၊ တခြားသော စပိန်နဲ့အီတလီအသင်းတို့ဆီက စိတ်ဝင်စားမှုတွေ ရှိနေပေမဲ့ ချဲလ်ဆီးအနေနဲ့ သူတို့ရဲ့ ၂၃ နှစ်အရွယ်ကစားသမားကို အသင်းမှာ ဆက်ထိန်းသွားမှာပါ။

ချဲလ်ဆီး နောက်ခံလူ မားကိုစ့် အလွန်ဆို ကတော့ ဘာစီလိုနာ ကို ရောက်ဖို့ ၁၀၀% သေချာ နေပြီလို့ ဂျရတ် ရိုမီရို က ဖော်ပြ သွားခဲ့ ပါတယ်။