ဒီဂျောင်နဲ့တင် စိတ်မကုန်သေးဘဲ နောက်ထပ် ဘာစီလိုနာ ကစားသမားတစ်ဦး ကို ထပ်ချိတ်နေတဲ့ မန်ယူ
မန်ချက်စတာ ယူနိုက်တက်က လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ညာနောက်ခံလူ ဆာဂျီနိုဒက်စ်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ဒီနွေမှာ မန်ယူက ဘာစီလိုနာ ကွင်းလယ်သမား ဒီဂျောင် ကို ခေါ်ယူဖို့ တောက်လျောက် ကြိုးစားခဲ့ပြီး အဆင်မပြေခဲ့ပေမယ့် စိတ်မကုန်သွားသေးဘဲ နောက်ထပ် ဘာစီလိုနာ အသင်းသား တစ်ဦးကို ထပ်မံ ချိန်လာခဲ့တာပါ။
မန်ယူအသင်းဟာ ညာနောက်ခံနေရာမှာ ဒါးလော့နဲ့ ဘစ္စကာ နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က တိုက်စစ်အားသန် ညာနောက်ခံလူတွေကိုသာ သဘောကျတာကြောင့် ဘစ္စကာရဲ့ နေရာကို အစားဝင်မယ့် နောက်ထပ် ညာနောက်ခံလူ တဦးကို ခေါ်ယူချင်နေပါတယ်။

တဖက်မှာတော့ ဘာစီလိုနာက သူတို့အသင်းရဲ့ အသက် ၂၁နှစ် အရွယ် အမေရိကန် ညာနောက်ခံလူ ဆာဂျီနိုဒက်စ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးထားသလို ဆာဂျီနိုဒက်စ်ကလည်း သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးရှိနေပါတယ်။
စပိန် မာကာ သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ တာဝန်ရှိသူတွေဟာ ယနေ့မနက် အစောပိုင်းမှ စတင်ကာ ဆာဂျီနိုဒက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာက ဆာဂျီနိုဒက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။
စကိုင်းစပေါ့ သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဆာဂျီနိုဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ် လို့ ထပ်ဆင့် အတည်ပြုပေးထားသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ နွေဈေးကွက် အသုံးစရိတ် မြင့်မားနေမှုကြောင့် ယူနိုက်တက် ဟာ ဆာဂျီနိုဒက်စ်ကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူနိုင်ကြောင်း ဆိုထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ဆာဂျီနိုဒက်စ်ကို ခေါ်ယူပြီးရင်တော့ အသင်းရဲ့ ညာနောက်ခံလူ တဦး ဖြစ်သူ ဘစ္စကာကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ ဝက်စ်ဟမ်းနဲ့ ခရစ္စတယ် ပဲလေ့စ်တို့က ဘစ္စကာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။