ရှက်တာဒိုးနက် တောင်ပံသမားကို ချိတ်လာခြင်း၊ တိုင်လီမန်းစ် ကမ်းလှမ်းမှု၊ ဆာကာ၊ အယ်နီနီတို့နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ

အာဆင်နယ်က တောင်ပံတိုက်စစ်သမား နီကိုလပ်စ် ပေပေကို ပြင်သစ် လီဂူးဝမ်းကလပ် နိုက်စ်ထံ အငှားချခဲ့ပြီးနောက် အားနည်းနေတဲ့ တောင်ပံတိုက်စစ် အတွက် ရှက်တာဒိုးနက် လူငယ်ကြယ်ပွင့် မူဒရစ် ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ရှက်တာဒိုးနက်တောင်ပံကစားသမား မူဒရစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ မူဒရစ်ကို တခြား ပရီးမီးယားလိဂ် ကလပ်တွေ ကလည်း စောင့်ကြည့်နေပြီး အာဆင်နယ်က ယူရို ၃၅ သန်းနဲ့ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

လက်စတာ ကွင်းလယ်လူ တိုင်လီမန်းစ်ကို ပေါင် ၁၉ သန်းနဲ့ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းက ကမ်းလှမ်းခဲ့တယ် လို့ သတင်းထွက်လာပါတယ်။ လက်စတာက သူတို့ကစားသမား အတွက် ပေါင် ၂၅ သန်း အလိုရှိနေပြီး ၎င်းကို အာဆင်နယ် အပြင် လီဗာပူးကလည်း အလိုရှိနေပါတယ်။

အာဆင်နယ် တောင်ပံကစားသမား ဆာကာ က သူအနေနဲ့ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပြီး လက်ရှိရနေတဲ့တစ်ပတ်လုပ်ခလစာပေါင် ၇၀၀၀၀ ရဲ့ ၂ ဆ ကို အလိုရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဆာကာ ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပေမယ့် သူကို ခေါ်ယူဖို့အတွက် မန်စီးတီး နဲ့ လီဗာပူးတို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က အသက် ၂၁ နှစ်ပြည့် ကျင်းပတဲ့မွေးနေ့ပွဲမှာ ဆာကာ က ” နည်းပြအာတီတာအနေနဲ့ ကျွန်တော်ကို အမြဲတမ်း မတူတဲ့ အကြံဉာဏ်တွေ ပေးပါတယ်။ အခုဆိုရင် အသင်းက အရင်ကထက် ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်လာပါပြီ။ အာဆင်နယ်အတွက် ကစားရတဲ့အချိန်တိုင်း ဂုဏ်ယူမိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ကွင်းလယ်မှာ ပါတေး အပြင် အယ်လ်နီနီ ဒဏ်ရာရရှိသွားတဲ့အခြေအနေက အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုအပေါ် သက်ရောက်မှု ရှိလာတယ်လို့ သိရပါတယ်။ အယ်လ်နီနီဟာ ဗီလာနဲ့ပွဲမတိုင်ခင် ဒဏ်ရာရ သွားခဲ့ပြီးဘယ်လောက် အနားယူရမလဲဆိုတာ မသိသေးပါဘူး။ ဒါကြောင့် အာဆင်နယ်အနေနဲ့ လက်ကျန် အပြောင်းအရွှေ့အတွင်း ကွင်းလယ်ပိုင်းကို အားဖြည့်ဖွယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက သုံးသပ်နေကြပါတယ်။