နိုင်ပွဲတွေ ဆာလောင်နေတဲ့ ဂန်းနားတွေရဲ့ အာဆင်နယ် ၂-၁ ဗီလာပွဲမှာ ပြောစရာ သတိပြုမိစရာ အချက်များ

အာဆင်နယ် အသင်းဟာ ညက အိမ်ကွင်းမှာ အက်စတွန်ဗီလာ ကို ဧည့်ခံ ကစားရာ ဂျေးဆု၊ မာတင်နယ်လီတို့ သွင်းဂိုးတွေနဲ့ အတူ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်ရဲ့ ပြင်းပြတဲ့ နိုင်ပွဲ ဆာလောင်မှု ကို တွေ့ခဲ့ရပြီး ၅ ပွဲ ဆက် အနိုင်နဲ့ ဇယားထိပ်မှာ ဆက်လက် ရပ်တည်နိုင်စေခဲ့ပါတယ်။

နိုင်ပွဲဆာလောင်မှုကို မြင်ခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ် အနေနဲ့ နိုင်ပွဲလိုတဲ့ အချိန်တွေမှာ နိုင်လိုစိတ်၊ ယုံကြည်မှု၊ ရုန်းအားတွေနဲ့ ဂိုးတွေကို ရယူခဲ့တာကို ဒီနေ့ပွဲမှာ လည်း ထပ်မံ မြင်တွေ့ခဲ့ရပါတယ်။ လက်စတာနဲ့ပွဲက ဒီလိုမျိုး ဂိုးပေးအပြီးမှာ သွင်းယူနိုင်ခဲ့တဲ့ ဒုတိယပိုင်း ဂိုးနှစ်ဂိုးက ဒါတွေအားလုံးရဲ့ အစဖြစ်ခဲ့သလို တိုက်တိုက်ဆိုင်ဆိုင် ဂိုးသမားဟောင်း နှစ်ယောက်နဲ့ ဆက်တိုက်တွေ့တဲ့ ဖူလ်ဟမ်ကို ကျော်လွှားခဲ့ပြီးချိန်မှာ ဗီလာကိုလည်း သာလွန်တဲ့ ခြေစွမ်းနဲ့ လွှမ်းမိုးထားခဲ့ပြီး မပါးနပ်တဲ့ ကစားသမားတချို့ ပါဝင်နေခဲ့လို့သာ မာတီနယ်လီရဲ့ ဂိုးကို စောင့်မျှော်ခဲ့ရတာပါ။

ဗြိတိန်သားတွေ ဉာဏ်ပိုကောင်းဖို့ လိုနေတယ်

ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲကတည်းက ကျဆင်းသွားခဲ့တဲ့ Fluid Attacking ကို ဒီနေ့ပွဲမှာလည်း ဂန်းနားတွေ ပြန်ယူမလာနိုင်ခဲ့ပါဘူး။ ဘယ်နောက်ခံလူ တီယာနီက ရှေ့မှာ ဘာပဲရှိရှိ ဖြတ်တင်မှာဖြစ်သလို ကိုယ့်ကစားသမားတွေ ဘယ်နားရှိနေသလဲတောင် ကြည့်တဲ့ ပုံမပေါ်ချိန်မှာ ညာတောင်ပံကစားသမား ဆာကာကတော့ အမောခံပြီး ဘောလုံးဆွဲပြေးပြီးမှ ဧရိယာထဲမှာ နောက်ပြန်ပေးနေရတာက စိတ်ဓာတ်ကျစရာဖြစ်နေပါတယ်။ ဒီကစားသမားတွေအနေနဲ့ ဇင်ချန်ကိုနဲ့ ဂျေဆူးစ်တို့ ဘယ်လိုတွဲကစားကြသလဲဆိုတာ အမြန်ဆုံး နားလည်အောင် လုပ်သင့်နေသလို အကျိုးမရှိတဲ့ နေရာတွေမှာ တိုင်ပတ်နေမယ့်အစား ဘောလုံးကို အနုပညာတစ်ရပ်လို ဉာဏ်ကောင်းကောင်းနဲ့ ကစားတတ်အောင် သင်ယူကြရဦးမှာပါ။

မာတီနယ်လီရဲ့ သက်ရောက်မှု

ဘရာဇီးလ်လူငယ်ရဲ့ ကစားအား၊ ရုန်းအားနဲ့ ယုံကြည်မှုက ဒီရာသီမှာ နှစ်ဆလောက်ကို တိုးတက်လာတာပါ။ သိပ်အကျိုးမရှိတဲ့ ဆွဲပြေးမှုတွေ အလိမ်အခေါက်တွေလည်း မလုပ်တော့ဘဲ ထိရောက်တဲ့ ဖန်တီးပေးပို့မှုတွေနဲ့ နေရာယူ အဆုံးသတ်မှုတွေကိုလည်း လုပ်ဆောင်လာတာကို သိသိသာသာ မြင်နေရသလို ထက်မြက်တဲ့ တောင်ပံသမားကောင်းတစ်ယောက်ဖြစ်လာခဲ့တာပါ။ ဒီနေ့မှာတော့ အသင်းရဲ့ အနိုင်ဂိုးကို ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ပုံစံနဲ့ သွင်းယူနိုင်ခဲ့တဲ့ မာတီနယ်လီဟာ ဂျေဆူးစ်နဲ့ ဇင်ချန်ကိုတို့ဆီကသာ ဒီထက်ပိုပြီး အတုယူနိုင်ခဲ့ရင် နောက်ထပ် အဆင့်တစ်ဆင့်ကို မြင့်တက်သွားဖို့ ရှိနေသေးတာဖြစ်ပါတယ်။

ယုံကြည်မှု တည်ဆောက်ရဦးမယ့် ဆာကာ

မာတီနယ်လီရဲ့ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တယ်ဆိုပေမယ့် ဆာကာရဲ့ တစ်ပွဲလုံး ကစားပုံက ပြောစရာများခဲ့တာဖြစ်ပါတယ်။ ညာခြမ်းက အကျိုးမရှိဘဲ ဆွဲပြေးပြီး ဧရိယာထိပ်မှာ ကန်တာဖြစ်ဖြစ် ဖန်တီးတာဖြစ်ဖြစ် လုပ်နိုင်ရမယ့်အစား အီပြီး အရှိန်ကုန်သွားတာကို တွေ့တွေ့နေရသလို ဒီနေ့ပွဲမှာတော့ မာတီနယ်လီရဲ့ ဖြတ်တင်ဘောကနေ ပွဲချိန် ၂၅ မိနစ်မှာ ဂိုးရကို ရရမယ့် အနေအထားကို ဘေးကန်ပစ်ခဲ့တာပါ။

အင်္ဂလန်တောင်ပံသမားအနေနဲ့ လက်ရှိအနေအထားကို ကျေနပ်မနေဘဲ မာတီနယ်လီလောက် ပါးနပ်အောင်နဲ့ ညာခြမ်းကနေ Inverted Winger စစ်စစ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားသင့်နေပါပြီ။

VAR ထိုးနှက်ချက်ကို ခံရပြန်တဲ့ အာဆင်နယ်

ဒီနေ့မှာလည်း အာဆင်နယ်တို့ VAR ရဲ့ ဆုံးဖြတ်ချက်မှာ နိုင်ပွဲနဲ့ လွဲချော်ဖို့ ရင်ဆိုင်ခဲ့ရတာပါ။ ဗြိတိန်ဒိုင်တွေကို ဘယ်နိုင်ငံတကာပြိုင်ပွဲကမှ အထင်မကြီးဘူးဆိုတာ VAR ကို ထင်သလို ဆုံးဖြတ်နေတာတွေကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဂန်းနားတွေအတွက်တော့ ဒီနည်းပညာက ထိခိုက်ရှနာမှုတွေ များခဲ့ပါတယ်။ ပွဲချိန် ၇၄ မိနစ်မှာ ဂိုးထဲ တိုက်ရိုက်ဝင်သွားတဲ့ ဘောလုံးကို ဂိုးသမား ရမ်းစ်ဒေးလ်အနေနဲ့ သူ့ဘာသာသူဆိုရင် ပုတ်ထုတ်ဖို့ ဖြစ်နိုင်မယ်ဆိုတာ ကလေးတောင် သိချိန်မှာ ရှေ့ကနေ ကာပြီး လမ်းကြောင်းကို ပိတ်ထားခဲ့တဲ့ ဘူဘာကရီ ကာမာရာရဲ့ လုပ်ရပ်ကို ဒိုင်ကြီး ရောဘတ်ဂျုံးစ်ကရော VAR ကပါ ပယ်ချသွားခဲ့လို့ ပရိသတ်တွေ ပေါက်ကွဲစရာဖြစ်ခဲ့ရတာပါ။

ကွင်းလယ်အဖျက် မခေါ်ဘဲ ဖြစ်ပါ့မလား

အာဆင်နယ်တို့ ဈေးကွက်ထဲမှာ ရှိနေဆဲဖြစ်ပေမယ့် ငွေသိပ်မသုံးချင်တော့တဲ့ တာဝန်ရှိသူတွေကြောင့် တိုက်စစ်ပိုင်းအတွက် ကစားသမားကိုပဲ ခေါ်ပြီး ကွင်းလယ်ကို လျှော်သွားမှာလားလို့ ပရိသတ်တွေက တွေးနေကြပါတယ်။ အာဆင်နယ်တို့ရဲ့ လက်ရှိခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာနဲ့ ဂါဘရီယယ်လ် ကစားသမားသုံးယောက်က 3 Back ဆန်ဆန် ကစားနေနိုင်ကြတာကြောင့် ကွင်းလယ်အထိုင်သမားရဲ့ ဖျက်အားကို လိုအပ်မှုက ဒီလောက်ကြီး မဟုတ်ဘဲ ဘောလုံးကောင်းကောင်း ဖြန့်နိုင်ရင် လုံလောက်သလိုဖြစ်နေခဲ့တာပါ။

ဒါကြောင့် ပါတေးရဲ့ နေရာကို ဘယ်သူမှ အစားမထိုးတော့တာလည်း ဖြစ်လာနိုင်ပြီး ဆမ်ဘီ လိုကွန်ဂါကိုပဲ ဘောလုံးဖြန့်နိုင်ရင် တော်ပြီဆိုပြီး ကွင်းလယ်မှာ ဆင်းကူလေ့ရှိတဲ့ မာတီနယ်လီ၊ ဂျေဆူးစ်တို့လို ကစားသမားတွေရဲ့ လူအင်အားများများနဲ့ Overload လုပ်ခဲ့ရင် အသင်းကြီးတွေကလွဲရင် ကောင်းကောင်းအဆင်ပြေနိုင်တာမို့ ရွှေ့ကွက်ကို စောင့်ကြည့်ရပါတော့မယ်။