ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ထက်တောင် ဂိုးတွေ ပိုသွင်းထားတဲ့ မန်စီးတီး တိုက်စစ်မှုး ဟာလန်း

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကတော့ မနေ့ညက နော်တင်ဟမ် ဖောရက်စ်နဲ့ ပရီးမီးယားလိဂ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီး အသင်းအတွက် ဟက်ထရစ် ထပ်မံ သွင်းယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကောင်းကို သက်သေပြသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားခဲ့ရာ ဟာလန်းရဲ့ ပထမပိုင်း ဟက်ထရစ် ၊ ကန်ဆယ်လို ၊ အယ်ဗာရက်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးဒါဇင်ဝက် အထိ သွင်းယူပြီး ၆-၀ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲစဉ်မှာ ရခဲ့တဲ့ ဟက်ထရစ်ဟာ သူ့ရဲ့ မန်ချက်စတာ စီးတီး ကစားသမား ဘဝ ဒုတိယမြောက် ဟက်ထရစ် ဖြစ်ခဲ့ပြီး ဟာလန်းက ပရီးမီးယားလိဂ်ပွဲ ၅ပွဲ ကစားထားပြီးချိန်မှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုး ၉ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခုမှ စတင် ကစားဖူးတဲ့ ကစားသမား တဦး အတွက် ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်က အံ့မခန်း စွမ်းဆောင်ရည် တရပ် ဖြစ်ပြီး ဟာလန်းက ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ထက်တောင် ဂိုးတွေ ပိုသွင်းထားနိုင်တာကိုလည်း အံ့အားသင့်ဖွယ် တွေ့ရှိရပါတယ်။

အချက်အလက်တွေအရ ဟာလန်းက ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်(၅) အပြီးမှာ သွင်းဂိုး ၉ဂိုး အထိ ရရှိထားပြီး ချဲလ်ဆီးကတော့ ၅ပွဲ ကစားထားချိန်မှာ သွင်းဂိုး ၆ဂိုးသာ ရထားသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ၄ပွဲ ကစားထားပြီးချိန်မှာ သွင်းဂိုး ၄ဂိုးသာ ရရှိထားပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်ဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးမှာသာ မြင်တွေ့ရနိုင်တဲ့ ဂိုးသွင်းစွမ်းရည်မျိုး ဖြစ်ကြောင်း အပြိုင်အဆိုင် ချီးကျူးနေကြပြီ ဖြစ်ပါတယ်။