DEADLINE DAY – ယနေ့ အပြောင်းအရွှေ့ပိတ်ရက် နောက်ဆုံးရ ထူးခြား အပြောင်းအရွှေ့သတင်းများ

လီဗာပူး အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဂျူဗင်တပ် ကွင်းလယ်လူ မယ်လိုအာသာကို အငှားနဲ့ ခေါ်ယူ တော့မှာ ဖြစ်ပါတယ်။ ဘရာဇီးသားဟာ လီဗာပူးသို့ ဒီနေ့ ထွက်ခွာလာပြီး ဆေးစစ်မှု၊ အပြီးသတ်မှုတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တစ်ရာသီ အငှား ခေါ်မှာ ဖြစ်ပြီး အပြီး ဝယ်ယူခွင့် မပါဝင်ပါဘူး။

မန်ချက်စတာစီးတီးက ဒေါ့မွန်နောက်ခံလူ အကန်ဂျီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ အကန်ဂျီအတွက် ယူရို ၁၇.၅ သန်းပေးချေခဲ့ရတယ်လို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။

အာဆင်နယ်အနေနဲ့ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးမှာ ပစ်မှတ်ထားလာတဲ့ရှက်တာဒိုးနက်တောင်ပံကစားသမား မူဒရစ်ကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း The Sun ကဖော်ပြထားပါတယ်။ ရှက်တာဒိုးနက် ဘက်က သူတို့ရဲ့ ကစားသမားအတွက် ယူရိုသန်း ၅၀ အလိုရှိနေပြီး အာဆင်နယ်က ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲပါ။

မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက သူ့အနေနဲ့ မန်ချက်စတာကလပ်ကနေ ထွက်ခွာမှာ မဟုတ်တဲ့အကြောင်း အတည်ပြုပြောဆိုလိုက်ပါတယ်။ “ကျွန်တော့်အနေနဲ့ မန်စီးတီးမှာပဲ ဆက်နေမှာပါ။ ဘယ်လိုကမ်းလှမ်းမှုမှလည်း မရထားပါဘူး” လို့ ဆေးလ်ဗားက ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အေဂျက်မှ တိုက်စစ်မှုး အန်တိုနီ ကို ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ပြီး ဒီနေ့ပဲ တရားဝင် အတည်ပြု ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနောက်ခံလူ ဒီရယ်လိုဟာ ဘွန်ဒက်လီဂါကလပ် လိုက်ပဇစ်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ၂၆ နှစ်အရွယ် နောက်ခံလူဟာ လိုက်ပဇစ်နဲ့အတူ ဆေးစစ်မှု ခံယူလျက်ရှိနေပါတယ်။ လိုက်ပဇစ်ဟာ အဆိုပါကစားသမားကို ကနဦး အငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး ယူရို ၂၅ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်းချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ အပြောင်းရွှေ့နောက်ဆုံးရက်မှာ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာတိုက်စ်မှူး အူဘာမီယန်ကို ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်း နေပါတယ်။ ချဲလ်ဆီးနောက်ဆုံး ယူရို၇.၅ သန်းအပြင် ဘာစီက အလိုရှိနေတဲ့ အလွန်ဆိုကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းထားပါတယ်။

မန်ချက်စတာယူနိုက်တက် ဟာ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာနောက်ခံလူ ဆာဂျီနိုဒက်စ်ကို ခေါ်ယူနိုင်ဖို့အရေး လက်လျှော့ခဲ့ရပါပြီ။ လက်ရှိမှာ ဆာဂျီနိုဒက်စ်အနေနဲ့ စီးရီးအေကလပ် အေစီမီလန်ကို အငှားနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။