ချဲလ်ဆီး တိုက်စစ်မှုး ဖြစ်လာတဲ့ အူဘာ၊ အငှားကွင်းလယ်သစ် ဇာကရီရာနဲ့ အပြောင်းအရွှေ့ ပိတ်ရက် ချဲလ်ဆီး လှုပ်ရှားခဲ့မှုများ

ချဲလ်ဆီးအသင်းဟာ မနေ့က အပြောင်းအရွှေ့ ပိတ်ရက်မှာ ဘာစီလိုနာမှ တိုက်စစ်မှုး အူဘာမီးယန်းကို အရ ခေါ်ယူခဲ့ပါတယ်။ အူဘာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁ဝ သန်း နဲ့ အတူ မားကို့စ် အလွန်ဆိုကို ထည့်ပေး ခဲ့ရပါတယ်။

အူဘာမီးယန်းက ချဲလ်ဆီးမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင် ကစားမှာ ဖြစ်ပြီး စာချုပ်သက်တမ်းက ၂ နှစ် + တစ်ရာသီ ထပ်တိုးခွင့် ပါဝင်ပါတယ်။

အာဆင်နယ် တိုက်စစ်မှုးဟောင်းလည်း ဖြစ်တဲ့ အူဘာမီးယန်းက ချဲလ်ဆီးအသင်းထံ ပြောင်းလာရတာ တကယ်ကို ပျော်ရွှင်ကြောင်းနဲ့ ပရီးမီးယားလိဂ်မှာ သူ့အတွက် မပြီးသေးတဲ့ ရည်မှန်းချက်တွေ ရှိသေးကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကွင်းလယ် အားဖြည့်လိုတဲ့ ချယ်ဆီးအသင်းဟာ ဂျူဗင်တပ်မှ ဆွစ် လက်ရွေးစင် ကွင်းလယ်သမား ဇာကရီရာ ကိုလည်း တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်လိုက်ပါတယ်။ အငှား ကုန်ဆုံးရင် အပြီး ဝယ်ယူခွင့်လည်း ပါဝင်ပါမယ်။

ချဲလ်ဆီးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လူငယ်ကြယ်ပွင့် ဂယ်လ်မောကိုလည်း ဘရိုက်တန်ထံ ပေါင် ၉ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ အာဆင်နယ်ကစားသမားဟောင်း ဝီလီယံ ကလည်း အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တစ်နှစ် စာချုပ် ချုပ်ဆိုထားခဲ့ပါတယ်။ ဝီလီယံဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ် ၂ ကြိမ် ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။