VAR အကြောင်း မပြောတော့တဲ့ တူချယ်၊ သက်တမ်းတိုးမယ့် ဂျိမ်းစ်၊ အူဘာအတွက် ဆုတောင်းတဲ့ အာတီတာနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ လန်ဒန်ဒါဘီ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်းကို အဖွင့်ဂိုး အရင်ပေးခဲ့ရပြီးမှ ၊ လူစားဝင် ကစားသမားတွေ ဖြစ်ကြတဲ့ ဘန်ချေဝဲလ်၊ ကိုင်ဟာဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၁ ရလဒ်နဲ့ ၃မှတ် အပြည့် ရခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ ဝက်စ်ဟမ်းက ဒုတိယ ချေပဂိုး သွင်းခဲ့သေးပြီး VAR က မက်ဇ်ဝဲလ် ကောညက်ရဲ့ သွင်းဂိုးကို ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ်ပေးခဲ့ကာ ဂိုးပယ်ဖျက်ခဲ့တာကြောင့် ချဲလ်ဆီးတို့ သက်သာရာ ရခဲ့ပါတယ်။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ယင်းအငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ဘဲ ခင်ဗျားတို့ ပြောကြဖို့ ချန်ခဲ့မယ် လို့ ပညာသားပါပါ ခနဲ့သွားခဲ့ပါတယ်။

ချဲလ်ဆီး ဟာ တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ကို ၆ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ မနှစ်တုန်းက အငှားထွက် ကစားခဲ့တဲ့ ဘရိုဂျာ ကို ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က နှစ်သက် သဘောကျနေပြီး အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ပိတ်ရက်မှာ နော်တင်ဟမ် ဖောရက်စ် အသင်းကို ပြောင်းရွှေ့ဖို့ အထမမြောက်လိုက်တဲ့ ချဲလ်ဆီး တိုက်စစ်မှူး မစ်ချီ ဘတ်ရှူဝါရီ ဟာ တူရကီ ကလပ် ဖီနာဘာချီ အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က အူဘာမီယန် ကျောနံပါတ် ၉ ကို ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး ” ကျွန်တော့ အမြင်မှာတော့ အူဘာ ဟာ စိန်ခေါ်မှု တခုခု အတွက် အမြဲတမ်း တိုက်ပွဲဝင်နေသူပါ ။ စိန်ခေါ်မှုတွေကို ပိုပြီး ရင်ဆိုင်နိုင်လေလေ ၊ သူ့အတွက် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာလေလေပါပဲ ။ သူသာ ဒီကျောနံပါတ် ၉ ကျိန်စာကို ချေဖျက်ပြချင်တယ်ဆို ၊ ပိုပြီး ကောင်းလာဖို့ပဲ ရှိပါမယ် ။ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

လိုက်ပ်ဇစ် အသင်းနဲ့ စာချုပ် သက်တမ်း တိုးခဲ့တဲ့ ဂျီဗာဒီအိုက သူဟာ အသင်းကနေ ဘယ်တုန်းကမှ မထွက်ခွာ ချင်ခဲ့ကြောင်း အခိုင်အမာ ပြောကြား လိုက်ပါတယ်။ ချဲလ်ဆီး အသင်းဟာ ဂျီဗာဒီအိုကို အသည်းအသန် ချိတ်ဆက်နေပြီး ပေါင် ၇၇ သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း မာတင်ကီယွန်က ချဲလ်ဆီးကို အူဘာမီယန်းပြန်လာတာဟာ အာဆင်နယ် အတွက် အိပ်မက်ဆိုးလို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၃ နှစ်သားဟာ ဘာစီလိုနာအသင်းထံကနေ အပြောင်းအရွှေ့ နောက်ဆုံးရက်တုန်းက ချဲလ်ဆီးထံပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး က နောက်ခံလူ ရစ်ဆီဂျိမ်းစ် ကို စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေကာ အသင်းရဲ့ သမိုင်းမှာ လုပ်ခ အများဆုံး ရရှိတဲ့ နောက်ခံလူ ဖြစ်လာမယ်လို့ ကြားသိရပါတယ်။

အပြောင်းအရွှေ့နောက်ဆုံး နေ့ရက်မှာ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ရောက်ရှိသွားတဲ့ တိုက်စစ်မှူး အူဘာမီယန်း တစ်ယောက် အသင်းသစ်မှာ အောင်မြင်စေဖို့ ဆုတောင်း ပေးကြောင်း အာဆင်နယ် နည်းပြ အာတီတာ က ပြောကြား လိုက်ပါတယ်။

ချဲလ်ဆီး အသင်းဟာ ဆောက်သမ်တန် ကစားသမား ရိုမီရို လာဗီယာ ကို အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်း ခဲ့ပြီး ဆောက်သမ်တန် အသင်းဘက်က ငြင်းပယ် သွားခဲ့တယ်လို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ဖော်ပြ သွားခဲ့ပါတယ်။