ကွင်းလယ်သစ် မခေါ်နိုင်ခဲ့တဲ့ အာတီတာ၊ ဒီညပွဲ အတွက် ဒဏ်ရာရတွေ များနေခြင်းနဲ့ ယနေ့ည အာဆင်နယ် သတင်းများ စုစည်းမှု
အာဆင်နယ် နည်းပြ အာတီတာက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကွင်းလယ်လူတစ်ဦး ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြောင်း ပြောလာခဲ့ပေမဲ့ လူသစ် မရခဲ့တာကြောင့် ဒဏ်ရာပြဿနာ များနေချိန်မှာ အကယ်ဒမီထွက် ကစားသမားတွေကို အားကိုးသွားမယ်လို့ အရပ်အမြွက် ပြောလာခဲ့ပါတယ်။
ဂန်းနားတွေဟာ မနက်ဖြန်ည ယူနိုက်တက်နဲ့ပွဲစဉ်ကို ပါတေး၊ အယ်နန်နီ၊ ဇင်ချန်ကိုတို့ မပါဘဲ ကစားရမှာ ဖြစ်ကာ အသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း ပါဝင်နိုင်ဖို့ မသေမချာ ဖြစ်နေပါတယ်။

နွေအပြောင်းအရွှေ့အတွင်း မန်ယူ၊ အာဆင်နယ်၊ လိဒ်ယူနိုက်တက်၊ ဆောက်သမ်တန်အသင်း အစရှိတဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့ တိုက်စစ်ကစားသမားလေး ကိုဒီ ဂတ်ပိုဟာ အပြောင်းအရွှေ့ မဖြစ်ခဲ့တဲ့နောက် ပီအက်စ်ဗီအသင်းနဲ့ပဲ ကာလရှည်သက်တမ်းရှိ စာချုပ်သစ်တရပ် ချုပ်ဆို သွားတော့မယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ နွေဈေးကွက် နောက်ဆုံးရက်မှာ ဘာစီလိုနာမှ ဖာရန် တောရက်စ်ကို ယူရို သန်း ၃ဝ နဲ့ ကမ်းလှမ်းခဲ့သေးပြီး ဘာစီလိုနာ နည်းပြ ဇာဗီက ငြင်းဆန်ပယ်ချခဲ့ကြောင်း စပိန် သတင်းတွေက ဖော်ပြလာပါတယ်။
အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ ပတ်သတ်ပြီး နည်းပြ အာတီတာက ” အသင်းခေါင်းဆောင် နေရာ အတွက် ပရော်ဖက်ရှင်နယ်ပီသပြီး ကလပ်ကို ကိုယ်စားပြုနိူင်တဲ့ ကစားသမားကို အဓိက ဦးစားပေးတော့ အိုဒီဂတ်က အသင့်တော်ဆုံး ဖြစ်တာကြောင့် သူ့ကို ရွေးချယ်ခဲ့ကြတယ်။ အိုဒီဂတ်က နှိမ့်ချပြီး အောင်မြင်မှုကို အင်မတန် ဆာလောင်တဲ့ ကစားသမား တစ်ယောက်ပါ။ သူက အသင်းကို အရည်အသွေးနဲ့ ခေါင်းဆောင်မှုကို ဖြည့်တင်းပေးတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း မာတင်ကီယွန်က ချဲလ်ဆီးကို အူဘာမီယန်းပြန်လာတာဟာ အာဆင်နယ် အတွက် အိပ်မက်ဆိုးလို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၃ နှစ်သားဟာ ဘာစီလိုနာအသင်းထံကနေ အပြောင်းအရွှေ့ နောက်ဆုံးရက်တုန်းက ချဲလ်ဆီးထံပြောင်းလာခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲဦးထွက် ပါဝင်လာဖွယ်ရှိနေပါတယ်။
အပြောင်းအရွှေ့နောက်ဆုံး နေ့ရက်မှာ ဘာစီလိုနာ အသင်းကနေ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ရောက်ရှိသွားတဲ့ တိုက်စစ်မှူး အူဘာမီယန်း တစ်ယောက် အသင်းသစ်မှာ အောင်မြင်စေဖို့ ဆုတောင်း ပေးကြောင်း နည်းပြ အာတီတာ က ပြောကြားလိုက်ပါတယ်။