Sack Race: ဒီရာသီ ဒုတိယမြောက် ထုတ်ခံရတဲ့ ပရီးမီးယားလိဂ်အသင်း နည်းပြ ဘယ်သူ ဖြစ်လာမလဲ

ဒီရာသီမှာ ပထမဦးဆုံး ထုတ်ခံရတဲ့ ပရီးမီးယားလိဂ် နည်းပြ ကတော့ ဘုန်းမောက်နည်းပြ စကော့ပါကား ဖြစ်ခဲ့ပါတယ်။ စကော့ပါကားက ဘုန်းမောက်အသင်း လီဗာပူးလ်ကို (၉)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်အပြီးမှာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာပါ။

လက်ရှိမှာလည်း ပါကားလို ရာထူးကနေ ထုတ်ပယ်ခံရဖို့ အနီးစပ်ဆုံး ဖြစ်နေရတဲ့ နည်းပြ(၃)ဦး ရှိနေပြီး ဘယ်သူက ဒုတိယမြောက် ထုတ်ခံရသူ ဖြစ်လာမလဲ စောင့်ကြည့်နေကြရပြီ ဖြစ်ပါတယ်။ သူတို့တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဂျရတ်(အက်စတွန်ဗီလာ)

အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်က ရိန်းဂျားစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီးမှ ဗီလာနည်းပြရာထူးကို လက်ခံခဲ့တာဖြစ်ပြီး စစချင်း ကိုင်တွယ်ခဲ့ချိန်က ရလဒ်ပိုင်း သိပ်မဆိုးခဲ့ပေမယ့် ဒီရာသီမှာတော့ နိုင်ပွဲက တစ်ပွဲတည်း ရှိနေပြီး ရလဒ်ပိုင်း အလွန်ဆိုးရွှားနေပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားထားတဲ့ ပွဲစဉ်မှာ မန်စီးတီးဆီက အမှတ်ခွဲယူထားနိုင်ခဲ့တာဖြစ်လို့ ဂျရတ်အနေနဲ့ အသက်ရှုချောင်ခဲ့ရပေမယ့် ဒီတစ်ပတ် လက်စတာနဲ့ပွဲ ရလဒ်က နှစ်သင်းလုံးရဲ့ နည်းပြတွေအတွက် အနာဂတ် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာစေနိုင်ပါလိမ့်မယ်။

၂။ လမ်းပတ်(အဲဗာတန်)

ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ကလည်း ဒီရာသီမှာ သူရဲ့လက်ရှိကလပ် အဲဗာတန်အသင်းကို နိုင်ပွဲတစ်ပွဲလေးတောင် ရရှိအောင် မစွမ်းထားနိုင်ပဲ သရေ(၄)ပွဲ ရှုံးပွဲ(၂)ပွဲသာ ရရှိထားလို့ သူ့အနာဂတ်ပါ ဝေဝါးနေခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေမှာပဲ မြို့ခံကလပ် လီဗာပူးလ်နဲ့ပွဲမှာ တစ်မှတ်ရအောင် ကစားပြနိုင်ခဲ့တာကြောင့် သူရဲ့ဘဝတူနည်းပြ ဂျရတ်လို အသက်ရှုချာင်ခဲ့ရပေမယ့် ရှေ့လာမယ့်ပွဲတွေမှာ အာဆင်နယ် ဝက်စ်ဟမ်းတို့နဲ့ ဆက်တိုက် ရင်ဆိုင်ရမှာဖြစ်လို့ လမ်းပတ်အနေနဲ့ ဒီပွဲတွေမှာ အမှတ်ရအောင် ယူဆောင်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

၁။ ရော်ဂျာ(လက်စတာ)

အရည်အသွေးပြည့် နည်းပြတစ်ဦးဖြစ်ပြီး အသင်းကိုလည်း အက်အေဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်တဲ့ ရော်ဂျာစ်က ဒီရာသီမှာတော့ သူရဲ့လက်စတာအသင်းကို တစ်မှတ်လေးသာ ရရှိအောင် စွမ်းဆောင်ထားတာဖြစ်လို့ အသင်းက အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိနေရပါတယ်။ ပါကားအပြီး ဒုတိယမြောက် ထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ရေပန်းစားနေတဲ့ ရော်ဂျာ ဟာ လာမယ့် တစ်ပတ်မှာတော့ သူနဲ့ အခြေအနေတူ ဖြစ်နေတဲ့ ဂျရတ်နဲ့ ထိပ်တိုက် တွေ့ဆုံနေတာဖြစ်လို့ ဒီပွဲမှာ ဘယ်နည်းပြရဲ့အသင်းက အခြေအနေကောင်းနိုင်မလဲဆိုတာ အလွန် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။