ပက်နဲ့ ကလော့ထက် သာတဲ့ တန်ဟက်၊ အန်တိုနီ အတွက် ချီးကျူးမှု၊ သတိပေးမှုများ၊ ဒီဖိုး ခန့်မှန်းနဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မာတီနက်ဇ်ဟာ အာဆင်နယ်နဲ့ ပွဲမှာ ပွဲပြီးဖို့ ၁၀ မိနစ် လောက် အလိုမှာပဲ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွဲရားနဲ့ လူစားလဲခံခဲ့ရပါတယ်။ သတင်းတွေ အရ မာတီနက်ဇ်ဟာ အသေးစားဒဏ်ရာ ရရှိခဲ့လို့ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို လိုက်ပါကစားနိုင်စွမ်း ရှိသေးတယ်လို့ သိရပါတယ်။

ဖီးလ် ဂျုံးစ်ဟာ မန်ချက်စတာ ယူနိုက်တက် အဝတ်လဲခန်းကနေ ကန်ထုတ်ခံလိုက်ရပြီ ဖြစ်ပြီး ကစားသမားသစ်တွေ အတွက် နေရာပေးဖို့ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြလာပါတယ။ ကာရင်တန် ထရိန်နင် ကွင်းဟာ ကစားသမား ၂၄ ယောက်စာ အတွက်ပဲ ရှိတာကြောင့် ဂျုံးစ်ဟာ U23 အသင်းနဲ့ သွားရောက် ပူးပေါင်းရမှာပါ။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပေါင် ၈၆ သန်းနဲ့ တိုက်စစ်မှုး အန်တိုနီ ကို ခေါ်ယူခဲ့မှုဟာ ကစားသမားရဲ့ အေးဂျင့်တွေ ကြား အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ အန်တိုနီရဲ့ အေးဂျင့်ကြေး ပေါင် ၂ဝ ကို အေးဂျင့်တွေကြား ခွဲယူဖို့ အဝေမတည့် ဖြစ်နေကြတာပါ။

သရဲနီ ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်ကတော့ ပွဲဦးထွက်မှာ အန်တိုနီ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ဟာ လွယ်ကူတဲ့ ခရီးလမ်း မဖြစ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေဘက်ကိုလည်း အန်တိုနီနဲ့ နည်းပြ တန်ဟက် အပေါ် စိတ်ရှည် ယုံကြည်မှုထားဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အန်တိုနီ နဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “သူက တကယ့်ကို အံ့ဖွယ်ကစားသမားပါ။ ကျွန်တော် အရမ်းအံ့သြမိပါတယ်။ ဒီနေ့ပွဲမှာ သူလုပ်ပြခဲ့တာတွေအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့နဲ့ လေ့ကျင့်ချိန် အများကြီး မလုပ်ရသေးပေမယ့် သူအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူထံကနေ အခုထက်ပိုပြီး မျှော်လင့်လို့ရပါတယ်။ ”လို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် ဟာ ကစားသမားတွေက သူဖြစ်စေချင်တဲ့ အတိုင်း မကစားနိုင်တဲ့ အခါ ဂွါဒီယိုလာ၊ ကလော့ပ်နဲ့ အာတီတာတို့လို ခေါင်းမမာခဲ့ဘဲ ပွဲနိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တာက ပို အားသာတယ် လို့ ပေါလ်စခိုးလ်က သုံးသပ်ခဲ့ပါတယ်။

နွေကာလမှာ မန်ယူကနေ အသင်းဟောင်း ဂျူဗင်တပ်ထံ ပြန်သွားခဲ့တဲ့ ပေါ့ဘာဟာ အီတလီမှာလည်း ဒဏ်ရာ ရနေပြီး ခွဲစိတ်ကုသမှု ခံယူဖို့ ပြင်ဆင်နေရကာ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။ ပေါ့ဘာဟာ မန်ချက်စတာ မှာ ရှိစဉ်ကလည်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရသူပါ။

အင်္ဂလန်နဲ့ စပါး တိုက်စစ်မှုးဟောင်း ဂျာမိန်း ဒီဖိုးကတော့ ဒီတလော အမှတ်ပေးဇယား ဦးဆောင်ထားတဲ့ အာဆင်နယ်နဲ့ ခြေစွမ်းတက်လာတဲ့ မန်ချက်စတာ ယူနိုက်တက် တို့ကို ရာသီကုန်ရင် ထိပ်ဆုံး လေးသင်းထဲ ပါဝင်မယ် မထင်ကြောင်း သုံးသပ်လိုက်ပါတယ်။