စပါးနဲ့ပွဲမှာ ဖိအားများနေတဲ့ မန်ယူ ရှုံးလိမ့်မယ်လို့ ပွဲကြို ဟောကိန်းထုတ်တဲ့ ရက်နက်

ယူနိုက်တက် ကစားသမားတွေအနေနဲ့ သူတို့ဟာ ဆိုးရှားအတွက် ကစားပေးချင်တယ် ဆိုတာကို သက်သေပြဖို့ စနေနေ့ စပါးကွင်းမှာ အရှုံးကို တုံ့ပြန်ရမယ်လို့ ဂျင်မီ ရက်နပ်က သုံးသပ် ပြောဆိုပါတယ်။

ဒါပေမယ့်လို့ ဒီတစ်ပတ်ပွဲကို နိုင်လိုက်တာနဲ့တင် ယူနိုက်တက် ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အဆုံးသတ်သွားမှာ မဟုတ်ဘူးဆိုတာကိုပါ သတိပေးခဲ့ပါတယ်။

ယူနိုက်တက်ထံက တိုက်ပွဲဝင်စိတ်ဓါတ်မျိုး မြင်ရဖို့ကို ဂျင်မီ ရက်နက်က မျှော်လင့်နေပေမယ့် ဒီပွဲမှာ နှစ်သင်းလုံးက မှန်ကန်တဲ့ ဦးတည်ချက်တွေ လုပ်ပြဖို့ လိုအပ်နေသလို ပွဲချဉ်းကပ်ပုံ မှန်မယ်ဆိုရင် စပါးက အနိုင်ရဖို့ အခွင့်အရေး ရှိနေတယ်လို့ သူက ခန့်မှန်းခဲ့ပါတယ်။

“ ယူနိုက်တက်က တုံ့ပြန်နိုင်ဖို့ လိုနေတယ်။ သူတို့တွေ ကိုယ့်ကိုယ်ကိုနဲ့ နည်းပြကို လေးစားတယ်ဆိုရင် ယူနိုက်တက်ဆိုတဲ့ ရှုထောင့်ကနေ အရှုံးကို တုံ့ပြန်ပြရမယ်။

သူတို့တွေ အလုပ်လုပ်ဖို့ အချိန်နည်းနည်း ရပါတယ်။ အခု သူတို့ လေးငါးရက်လောက် အချိန်ရသွားပြီ။ ဒါက ကစားသမားတွေရဲ့ ယုံကြည်မှုကို ထပ်မံ တည်ဆောက်ဖို့အချိန်ပဲ။ သူတို့တွေ အပိုးကျိုးကျိုး ရှိနေလိမ့်မယ်။

ကိုယ့်အခြေအနေကို မသိရင် မှန်ထဲကြည့်ပြီးတော့ ‘ ငါလုပ်နေတာ မလုံလောက်သေးဘူး’ လို့ သတိရနေရမယ်။ ဒါပေမယ့် ဘောလုံးလောကမှာ ကစားသမားတွေက သူတို့ လုပ်သင့်တဲ့ အဲ့ကိစ္စကို မကြာခဏ လုပ်ကြမယ်လို့ ကျွန်တော် မထင်ပါဘူး။

သူတို့တွေ တစ်ဦးချင်း လုပ်ဖို့လိုတဲ့ အရာကို ကောင်းကောင်း နားလည်ထားဖို့ လိုတယ်။ ‘အသင်းပိုကောင်းလာအောင် ငါ့အလုပ်ကို ငါ့ဘာသာ နိုင်နိုင်နင်းနင်း လုပ်နိုင်မလား’ ဆိုပြီး သတိပြုမိနေရမယ်။ သူတို့တွေ ကလပ်နဲ့ နည်းပြကို ဂရုစိုက်ပြီး ဆိုးရှားကို ဆက်ရှိနေစေချင်ရင် စနေနေ့မှာ အကောင်းဆုံး ကစားပြလိမ့်မယ်။

ဒါက ခန့်မှန်းဖို့ အတော်လေး ခက်ခဲတဲ့ပွဲပါ။ ဘာလို့လဲဆိုတော့ ယူနိုက်တက် အတွင်းထဲမှာ ဘာတွေ ထိခိုက်ပျက်ဆီးနေလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါပေမယ့် ဒီပွဲက ကျွန်တော့်စိတ်ကို မပြောင်းလဲစေခဲ့ပါဘူး။ ယူနိုက်တက်နိုင်ရင်တောင် ရေရှည်မှာ ကလပ်အတွင်း အပြောင်းအလဲတွေ အများကြီးလုပ်ဖို့ ကျန်သေးတယ်လို့ ထင်ပါတယ်။

ယူနိုက်တက်က တစ်ဦးချင်းကောင်းမွန်မှုတွေနဲ့ ပွဲတွေကို အနိုင်ရနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေက တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေကို အသင်းလိုက် စုစည်းမှုရှိအောင် ပြောင်းလဲပေးမယ့် နည်းပြတစ်ယောက်ကို လိုအပ်နေပါတယ်။

စပါးက သူတို့ လုပ်နေကျအတိုင်း မှန်မှန်ကန် လုပ်နိုင်ရင်တော့ ဒီပွဲကို အနိုင်ရနိုင်တယ်လို့ ထင်မိတယ်။ နှစ်သင်းလုံးက ခံစစ်ပိုင်း ရုန်းကန်နေရတာကြောင့် ဒီပွဲက ဂိုးပေါ်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဟယ်ရီ မက်ဂွိုင်းယားက ဆိုးဆိုးရွားရွား ခြေစွမ်းပျောက်ဆုံးနေပေမယ့် အခုချိန်မှာ ယူနိုက်တက် တစ်သင်းလုံးက အတူတူ ပျက်ဆီးနေတာပါ ” လို့ ရက်နပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။