လက်စွမ်းကျနေချိန်မှာ ချဲလ်ဆီး က သက်တမ်းတိုး စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် လစာနည်းလို့ ပယ်ချတဲ့ မန်ဒီ

ဂိုးသမား မန်ဒီကို ချဲလ်ဆီး အသင်းက သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းခဲ့ပေမယ့် ဆီနီဂေါသားက ပယ်ချခဲ့တယ် လို့ သိရပါတယ်။

မန်ဒီက ချဲလ်ဆီး ကမ်းလှမ်းမှုကို လုပ်ခလစာ နည်းပါးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆန် ပယ်ချခဲ့တယ် လို့ အင်္ဂလန် သတင်းတွေက ဆိုပါတယ်။

အသက် ၃၀ အရွယ် ဆီနီဂေါ လက်ရွေးစင် နံပါတ်တစ် ဂိုးသမား မန်ဒီက ၂၀၂၀ခုနှစ်မှာ ရန်းနက်စ်ကနေ ချဲလ်ဆီး ထံ ပြောင်းရွှေ့ကြေး ယူရို ၂၄သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ရာထူးကို သိမ်းပိုက်နိုင်ခဲ့သလို အသင်းရဲ့ ချန်ပီယံလိဂ် အောင်ပွဲမှာလည်း အရေးပါတဲ့ ကစားသမား တဦး ဖြစ်ခဲ့ပါတယ်။

မန်ဒီက ချဲလ်ဆီး ရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ၂နှစ် နီးပါး ကစားထားပေမယ့် သူ့ရဲ့ တပတ် လုပ်ခလစာဟာ အသင်းမှာ အနည်းဆုံးလောက်သာ ရှိပြီး ပေါင် ၅၂၀၀၀ သာ ရရှိနေတာပါ။ ဒီပမာဏဟာ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေရဲ့ လုပ်ခလစာနှုန်းထား ပမာဏ တရပ်သာ ရှိနေပါတယ်။

ဒါကြောင့်ပဲ ချဲလ်ဆီး က သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ မန်ဒီကို လုပ်ခလစာ တိုးမြှင့်ပေးကာ စာချုပ်သစ် တရပ် ကမ်းလှမ်းခဲ့ပေမယ့် မန်ဒီကတော့ ချဲလ်ဆီး ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုထဲမှာ ပေးချေမယ့် လုပ်ခလစာ ပမာဏကို သဘောမကျတာကြောင့် စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရပါတယ်။

ချဲလ်ဆီး နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ကင်ဆယ်လာရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး က မန်ဒီကို လက်ရှိ အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ကီပါရဲ့ လုပ်ခလစာ ဖြစ်တဲ့ တပတ် လုပ်ခလစာ ပေါင် ၁၉၀၀၀၀ အောက် ပမာဏ တရပ်နဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့ပြီး မန်ဒီကတော့ သူ့ကို ကီပါထက် နည်းပါးတဲ့ လုပ်ခလစာ ပေးချေမှုကို သဘောမကျတာကြောင့် ချဲလ်ဆီး ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရပါတယ်။

ဒေးလီးမေးလ် သတင်းဌာနကလည်း မန်ဒီဟာ ချဲလ်ဆီး ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး မန်ဒီဟာ ကီပါထက် အနည်းငယ် ပိုများတဲ့ လုပ်ခလစာ ပမာဏ တရပ် ဖြစ်တဲ့ တပတ် လုပ်ခလစာ ပေါင် ၂သိန်း ဝန်းကျင် လိုချင်နေကြောင်း ဖော်ပြထားပါသေးတယ်။