ချန်ပီယံလိဂ် အဖွင့်ပွဲ အံ့ဖွယ် ရှုံးပြီး အုပ်စုတွင်း အောက်ဆုံးအဆင့် ရောက်သွားတဲ့ ချဲလ်ဆီး ဘာတွေ မှားခဲ့သလဲ
ချဲလ်ဆီး အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ အဖြစ် မနေ့ညက ခရိုအေးရှားကလပ် ဒိုင်နမို ဇာဂရက်ဘ်နဲ့ အဝေးကွင်းမှာ ရင်ဆိုင် ကစားခဲ့ရပြီး ၁-ဝ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ အုပ်စု(E)မှာ အေစီမီလန်၊ ရက်ဒ်ဘူးလ် ဆဲလ်ဘတ် တို့ရဲ့နောက်က အင်အား အနည်းဆုံးပြိုင်ဘက်လို့ ပြောလို့ရတဲ့ အသင်းကို ရှုံးနိမ့်ခဲ့တာပါ။
ချဲလ်ဆီးအသင်း အနေနဲ့ ဒိုင်နမို ဇာဂရက်ဘ် ကို စောစော ဂိုးပေးလိုက်ရပြီးနောက် ဘာမှ ပြန်ပြီး လောက်လောက် လားလား မတုံ့ပြန်နိုင်ခဲ့ပါဘူး။ ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့ပွဲမှာ ဘယ်အရာတွေက ဆိုးဆိုးရွားရွား မှားယွင်းခဲ့သလဲ ဆိုတာ သုံးသပ်လေ့လာကြည့်ရအောင်။
အူဘာမီယန်းကို တန်း သုံးခြင်း
ဂါဘွန်တိုက်စစ်မှူးကို ခေါ်ပြီးမကြာခင် ပွဲထွက်သုံးခဲ့တဲ့ နည်းပြ တူချယ်လ်ရဲ့ ဆုံးဖြတ်ချက်အတွက် အကောင်းမြင် ခဲ့ကြပေမယ့် ဒီနေ့မှာတော့ ၃၃ နှစ်သားက ချဲလ်ဆီးတိုက်စစ်မှာ ဇာတ်တိုက်မထားဘဲ ထင်ရာမြင်ရာတွေ လုပ်နေခဲ့ပြီး အာဆင်နယ်မှာ ဒစ်လည်နေတုန်းက ပုံစံမျိုးပဲ ဖြစ်နေခဲ့တာပါ။
အူဘာမီယန်းအနေနဲ့ ကန်လို့ရတဲ့ ဘောလုံးမျိုးကို လူပေးတာ၊ ပွဲတစ်ပွဲကို အကောင်းဆုံး ကစားနိုင်မယ့် ကြံ့ခိုင်မှု၊ အာရုံစူးစိုက်မှုမျိုး နည်းနေတာတွေကို တွေ့မြင်ခဲ့ရပြီး နေရာယူပုံ အလွဲတွေနဲ့ အတူ နှစ်ဂိုးလောက် ရနိုင်တဲ့ အခွင့်အရေးတွေကို လွှင့်ပစ်ခဲ့သလို နည်းပြ တူဟချယ်လ်ရဲ့ ကွင်းလယ်ကလည်း သူ့အတွက် ဖန်တီးပေးနိုင်မှု နည်းခဲ့တာဖြစ်ပါတယ်။

ထိရောက်မှု မရှိတဲ့ ကွင်းလယ်
ပွဲစထွက်လာကတည်းက ကိုဗာဆစ်နဲ့ မေဆန်မောင့်ကို တွဲပေးခဲ့တာက နည်းနည်းတော့ များတယ်လို့ ပြောရ မလိုဖြစ်နေခဲ့ပြီး အားလုံးထက်စာရင် အကောင်းဆုံးပုံစံရနေတဲ့ လော့ဖ်တပ်စ်-ချိခ်ကို ချန်ပစ်ခဲ့သလို ကွင်းလယ်က တစ်ဖက် အသင်းရဲ့ ကစားကွက်အပေါ် ထိထိရောက်ရောက် မတုံ့ပြန်နိုင်ခဲ့ဘဲ ကောင်တာတွေကို ခံစစ်သုံးယောက်နဲ့ တိုက်ရိုက်ပေးတွေ့ပြီး ပြဿနာတွေ ရှာဖွေခဲ့တာကို တွေ့ခဲ့ရပါတယ်။
ခံစစ်မကောင်းလို့ တိုက်စစ်များ ကောင်းသလားဆိုတော့လည်း တူချယ်လ်အတွက် ဖန်တီးမှုဗျူဟာက ကောင်းကောင်း မရှိဘဲ ပြဿနာတွေပဲ ဖန်တီးတတ်ခဲ့သလို မောင့်ရဲ့ အထိုင်ကစားပုံက ပေးလိုက်ရတဲ့ ဂိုးကို သက်ရောက်မှု ကြီးမားခဲ့ပြီး ကွင်းလယ်နဲ့အတူ နားလည်မှုကောင်းမရှိတဲ့ ခံစစ်တွေက အစကတည်းက မျက်နှာမရပါဘူးဆိုတဲ့ ဂိုးသမား ကီပါကို တစ်လုံးပြီးတစ်လုံး အလှူပေးနေခဲ့တာပါ။
ပြိုင်ဘက် ကို လျှော့တွက်တာ
ချဲလ်ဆီးတို့အနေနဲ့ ဒိုင်နမို ဇာဂရက် ကို သူ့အိမ်ကွင်းမှာ ဘာတွေလုပ်နိုင်တယ်ဆိုတာ မတွေးဘဲ လျှော့တွက်ခဲ့ပုံပါ။ အိမ်ရှင် တိုက်စစ်မှူး အော်ရှစ်ချ်ဆိုတာက စပါးစ်ကို ပညာကောင်းကောင်းပေးဖူးတဲ့သူဖြစ်သလို ဒီနေ့မှာလည်း ချဲလ်ဆီးကို ငိုစရာတွေ ထပ်ပေးခဲ့တာပါ။ ကွေတာ၊ ဖိုဖာနာ၊ ကူလီဘေလီတို့ရဲ့ ခံစစ်စုဖွဲ့ပုံက လေးလံနေခဲ့သလို ဒီကနေ အခွင့်ကောင်း ယူခဲ့တဲ့ ဒိုင်မိုတိုက်စစ်က ပက်ကိုဗစ်ချ်က ကူလီဘေလီကို ပညာပေးခဲ့သလို အော်ရှစ်ချ်ကတော့ ဖိုဖာနာဟာ ဥရောပအဆင့် မမီသေးကြောင်းကို ပြသပေးခဲ့တာဖြစ်ပါတယ်။
သုံးသင့်သူတွေကို မသုံးခဲ့တာ
ဒီနေ့ပွဲမှာ တူချယ်လ်အနေနဲ့ အူဘာမီယန်းကို အလောတကြီး ထည့်သွင်းခဲ့ပေမယ့် ကွင်းလယ်မှာ တကယ်လိုအပ်တဲ့ ဇာကာရီးယားကိုတော့ မသုံးဘဲ အရန်ခုံမှာသာ ထားခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ရဲ့ ပွဲပန်းမှုကို မလျှော့ချနိုင်သေးချိန်မှာ ကိုဗာချစ်အစား ဒုတိယပိုင်းမှာ ဝင်ကစားခဲ့တဲ့ ဂျော်ဂျင်ညိုက သာမန်ပဲဖြစ်ခဲ့ပြီး အသင်းအတွက် လုပ်အားနှုန်းကို မပေးစွမ်းနိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။ ဒီအစား ဂါလာဂါ၊ လော့ဖ်တပ်စ်ချိခ်နဲ့ ဇာကာရီးယားတို့ တစ်ယောက်ယောက်ကို ထည့်ခဲ့ရမှ အလုပ်ဖြစ်နိုင်သေးတာဖြစ်ပြီး ဘယ်သူ့ကိုမှ မယုံရဲခဲ့တာလည်း ပြဿနာတစ်ခုဖြစ်နေခဲ့ပါတယ်။

အားလုံး ရိုးကုန်တဲ့ ကစားကွက်
တစ်ချိန်တုန်းကတော့ ခံစစ်မှာ ကျစ်လျစ်အောင်လုပ်ပြီး ဒုန်းဒိုင်းဆို ဂိုးယူတဲ့ ချဲလ်ဆီးဟာ အဲဒီပုံစံ ကနေပဲ ချန်ပီယံလိဂ်ဖလားကို ရသွားခဲ့တာပါ။ ဒီရာသီမှာ နည်းပြ တူချယ်လ်က မူလပုံစံကနေ ပြောင်းခဲ့တာက ၃-၅-၂ ဆန်ဆန် တိုက်စစ်မှူးနှစ်ယောက်လိုလို ကစားလာခဲ့ပြီး အလုပ်မဖြစ်ပါဘူး။
စတာလင်ရဲ့ ခြေစွမ်းက တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်ခဲ့ပြီး ဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးသွင်းဖို့ ခက်ခဲလွန်းနေခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ၃-၄-၃ ပြောင်းကစားခဲ့ချိန်မှာ အလုပ်မဖြစ်မှုကတော့ အရင်အတိုင်းပဲဖြစ်ပြီး စာရွက်ပေါ်က ကစားကွက်ထက် ရွေ့လျားမှု၊ အချိတ်အဆက်နဲ့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေကို ချဲလ်ဆီးတို့ သင်ယူသင့်နေပြီ လို့ ဆိုရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် ပထမရက်မှာ အေစီမီလန်နဲ့ ဆဲလ်ဘတ် တို့ကတော့ ဩစတြီးယားမြေမှာ တစ်ဂိုးစီ သရေကျခဲ့ကြတာကြောင့် ချဲလ်ဆီးကို အနိုင် ရရှိခဲ့တဲ့ အိမ်ရှင်တွေ ဒိုင်နာမိုတို့အနေနဲ့ အုပ်စုကို ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပြီး အနောက်လန်ဒန်သားတွေကတော့ ပထမပွဲစဉ်အပြီးမှာ အုပ်စုအောက်ဆုံးနေရာမှာ ရပ်တည်နေရပါတယ်။