ဂျာမန်သားချင်း တူချယ် ထုတ်ခံရတဲ့နောက် လိုက်ချင်နေပုံရတဲ့ ကလော့ပ် လီဗာပူးရဲ့ အရှက်တကွဲ ဂိုးပြတ် ရှုံးပွဲ
လီဗာပူးကတော့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ နာပိုလီကို အဝေးကွင်းမှာတင် ခြေပြတ်၊ ဂိုးပြတ် ၄-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ချန်ပီယံလိဂ် အုပ်စုပွဲ ပထမရက်မှာ ချဲလ်ဆီးကလည်း ဒိုင်နမိုဇာဂရက်ကို ၁-ဝ နဲ့ ရှုံးခဲ့ပြီးနောက် နည်းပြတူချယ် ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး လီဗာပူးရဲ့ ဒီ အရှက်တကွဲ ဂိုးပြတ် ရှုံးပွဲက ယာဂင်ကလော့ပ် ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းစားလာခဲ့ပါတယ်။
ကလော့ပ်ဟာ ဂျာမန်သားချင်း တူချယ်ရဲ့နောက်ကို အမှီလိုက်သွားတော့မှာလား တကယ်လည်း တွေးထင်စရာ ဖြစ်လာခဲ့ပါတယ်။

ညကပွဲမှာ လီဗာပူးနည်းပြ ကလော့ပ်ဟာ တိုက်စစ်မှုး ဒါဝင်နူးနက်ဇ်ကို အရံခုံမှာထားခဲ့တာ၊ မာတစ် နေရာ၊ ဂျိုးဂိုးမက်ဇ် ဝင်ကစားတာ၊ မီလ်နာ ပါဝင်လာတာကလွဲရင် ဘာမှ အပြောင်းအလဲ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ဒါပေမယ့် မီလ်နာနဲ့ ဂျိုးဂိုးမက်ဇ်ကပဲ ဒုက္ခပေးသွားခဲ့ပြီး အခုလို ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာပါ။
အီလီယော့၊ ဖာဘင်ဟို၊ မီလ်နာတို့ရဲ့ ကွင်းလယ်က ဘာလုပ်ရည်ကိုင်ရည်မှမရှိခဲ့သလို တိုက်စစ်ကလည်း အသက် မဲ့ခဲ့ပါတယ်။ နောက်တန်းက ဂိုးမက်ဇ်ကတော့ တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ပြီး ပထမပိုင်းအပြီးမှာတင် လူစားလဲပစ်ရတဲ့အထိ ဖြစ်သွားပါတယ်။ ပွဲကစားချိန် အစောပိုင်းတည်းက မီလ်နာရဲ့လက်ထိဘောကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး ဂိုးပေးခဲ့ရပါတယ်။
ပင်နယ်တီနောက်တလုံးထပ်ပေးခဲ့ရပေမယ့် အိုဆီမီဟန် မဝင်ခဲ့တာကြောင့် လီဗာပူးတို့ အရှက်ကွဲ သက်သာခဲ့တယ် ပြောရမှာပါ။ ဒါပေမယ့်လည်း ဂိုးတွေထပ်ပေးလိုက်ရတာကတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။ နာပိုလီတိုက်စစ်က လီဗာပူးနောက်တန်းကို လုပ်ချင်တိုင်းလုပ်သွားပြီး အန်ဂစ်ဆာက ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။
အိုဆီမီဟန်နေရာ လူစားဝင်လာတဲ့ ဆီမြွန်နီရဲ့သား ဂျီယိုဗန်နီဆီမြွန်နီကလည်း ပထမပိုင်းမပြီးခင်မှာတင် နောက်တဂိုး ထပ်သွင်းပြီး လီဗာပူးတို့ ပထမပိုင်းမှာတင် သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ လီဗာပူးရဲ့ ဂိုးအလှူပေးတဲ့ဇာတ်လမ်းက ဒါနဲ့မပြီးသေးဘဲ ဒုတိယပိုင်းစတဲ့အထိကို အခန်းဆက်ခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ လီဗာပူးနောက်တန်း ဟာကွက်ကြီးက ကြီးမားလွန်းပါတယ်။
ဒီဂိုးကိုလည်း အဖွင့်ဂိုးရှင် ဇီလင်စကီးကပဲ ထပ်ဆင့်ပိတ်သွင်းယူသွားခဲ့ပါတယ်။ လီဗာပူးအတွက် ချေပဂိုးတဂိုးကိုတော့ တောင်ပံကစားသမား ဒီယက်ဇ်က ဧရိယာထိပ်ကနေ ကန်သွင်းယူပြီး ရယူပေးခဲ့ပါတယ်။ လီဗာပူးက ဒုတိယပိုင်းမှာ မာတစ်ပ်၊ သီယာဂို၊ ဂျိုတာ၊ ဒါဝင်နူးနက်ဇ်တို့ကို ထည့်သွင်းကစားခဲ့ပေမယ့် နောက်ထပ်ဂိုးတွေ ထပ်မရတော့ဘဲ ၄-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။