တူချယ်ကို ပေးရမယ့် လျော်ကြေး၊ ခန့်တော့မယ့် နည်းပြသစ်၊ ရော်နယ်ဒို ကိစ္စ မကျေလည်မှုနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ စုစည်းမှု

ချဲလ်ဆီး အသင်း ဟာ နည်းပြ သောမတ်စ် တူချယ် ကို ထုတ်ပယ် လိုက်မှု အတွက် ပေါင် ၁၃ သန်း နစ်နာကြေး ပေးချေ ရမှာ ဖြစ်သလို တူချယ် ရဲ့ နည်းပြအဖွဲ့ကိုလည်း ပေါင် ၂ သန်း နစ်နာကြေး ပေးချေရမယ်လို့ သိရပါတယ်။

ချဲလ်ဆီး ဟာ ဘရိုက်တန် နည်းပြ ဂရေဟမ် ပေါ်တာ ကို ခေါ်ယူဖို့ အရှိန်အဟုန် နဲ့ လုပ်ဆောင် ဆွေးနွေး နေပြီး ပေါ်တာ ရဲ့ ဘရိုက်တန် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ပေးလျော်ကာ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး အခြေအနေ အရ ဂရေဟမ် ပေါ်တာ ဟာ ချဲလ်ဆီး ကို လာရောက် နည်းပြဖို့ နှုတ်အားဖြင့် သဘောတူထားပြီလို့ သိရပါတယ်။

ချဲလ်ဆီး အသင်းသားတွေကတော့ မနေ့က လေ့ကျင့်ခန်း အစီအစဉ် ကို လက်ထောက် နည်းပြတွေ နဲ့ ပြုလုပ် သွားခဲ့ ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီဟာ အသင်းတာဝန်ရှိသူတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ၁၀ မိနစ် အတွင်း မှာတင် နည်းပြ သောမတ်စ်တူချယ်ကို ဖုန်းဆက်ပြောပြီး ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

တူချယ်က ရလဒ်တွေကို ပြောင်းလဲပေးမှာဖြစ်လို့ အချိန်အနည်းငယ်ထပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဖုန်းချသွားခဲ့လို့ အံ့သြရုံသာ တတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပယ်ခံရတာ သေချာခဲ့ပြီးနောက်မှာတော့ တူချယ်က သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို ထရိန်နင်ကွင်းမှာ စုရုံးစေခဲ့ပြီး နှုတ်ဆက်ကာ ထွက်ခွာ သွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီနဲ့ တူချယ်တို့ကြားမှာ အဆင်မပြေမှုတွေ များစွာရှိနေရကြောင်းနဲ့ ဒီထဲမှာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့တဲ့ တူချယ်လ်ရဲ့ ဆုံးဖြတ်ချက်ဟာလည်း အပါအဝင် ဖြစ်နေတယ် လို့ သိရပါတယ်။

မန်ယူ နည်းပြ အဲရစ် တန်ဟက်ကတော့ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ် တူချယ် အတွက် စိတ်မကောင်းကြောင်းနဲ့ ယခုအချိန်ဟာ နည်းပြတဦးကို ထုတ်ပယ်ဖို့ စောလွန်းသေးကြောင်း ဆိုစီဒက်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။