ဒီည ဇူးရစ်ချ်နဲ့ ပွဲကြို ပြောစကားများ၊ အွန်နရီ စိုးရိမ်မှု၊ အဆင့် ၄ မဝင်ဘူး ဆိုတဲ့ ကာရေဂါ မှန်းချက်နဲ့ ယနေ့ည အာဆင်နယ် သတင်းများ
အာဆင်နယ် အသင်းဟာ ဒီနေ့ည မြန်မာစံတော်ချိန် ၁၁နာရီ ၁၅မိနစ်အချိန်မှတော့ ဇူးရစ်ခ်ျရဲ့ အိမ်ကွင်းမှာ ယူရိုပါလိဂ် အုပ်စုပွဲစဉ် အဖြစ် သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ နည်းပြ အာတီတာက ယူရိုပါလိဂ် ပြိုင်ပွဲကို အာဆင်နယ် အလေးအနက်ထား ယှဉ်ပြိုင်မှာ ဖြစ်ပြီး နှစ်ပေါင်း ၃ဝ ကျော်အောင် ဥရောပ ဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ မှတ်တမ်းဆိုးကိုလည်း ချိုးဖျက် သွားလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ရဲ့ လက်ရှိ ပွဲထွက် ၁၁ ယောက်ဟာ အားရစရာ ဖြစ်ပေမယ့် ယူရိုပါလိဂ် ပြိုင်ပွဲ စတင်ချိန်မှာ အာဆင်နယ် အရန်အင်အား နည်းပါးတာကြောင့် အဓိက ကစားသမားတွေ အတွက် စိုးရိမ်မိကြောင်း ဂန္တဝင် တိုက်စစ်မှုးကြီး အွန်နရီ က မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ မကြာခင်ပြန်ကစားနိုင်ဖို့ရှိပေမယ့် အာတီတာကတော့ အလျင်စလို ထည့်သွင်း ကစားဖို့ ဆန္ဒမရှိတာကြောင့် အဲဗာတန်နဲ့ ပွဲမှာတော့ ပါဝင်လာဖွယ် မရှိသေးပါဘူး။ ဒါပေမယ့် ပါတေးကို သူ့ရဲ့မိခင် အသင်းကတော့ နိုင်ငံတကာပွဲစဉ်လူစာရင်းမှာထည့်သွင်းထားတာဖြစ်လို့ ပြန်လည် စေလွှတ်ပေးရဖို့ ရှိနေပါတယ်။
ဒါ့အပြင် ယူရိုပါလိဂ် လူစာရင်းမှာ စမစ်ရိုးအနေနဲ့ ပါဝင်လာမှာ မဟုတ်တဲ့အကြောင်း၊ ကစားသမားဟာ အိမ်မှာပဲ အနားယူနေကြောင်းလည်း နည်းပြ အာတီတာက ထုတ်ပြောလာပါတယ်။
အာဆင်နယ် ဂိုးသမားဟောင်း လီနိုဟာ အသင်းရဲ့ပေါ်လစီက သူ့ကို ထွက်ခွာစေခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ လီနိုဟာ ပထမ ၃ ရာသီတုန်းက အာဆင်နယ်ရဲ့ အဓိကဂိုးသမား တစ်ဦးဖြစ်ခဲ့ပေမယ့် ရမ်စ်ဒေးလ် ရောက်လာပြီးနောက်မှာ နေရာပျောက်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကနေ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ် ကွင်းလယ်လူ ဂွမ်ဒူဇီကတော့ သူဟာ အာဆင်နယ် ကနေ ထွက်ခွာခဲ့မိလို့သာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ရနေတာ ဖြစ်ကြောင်း ပြောကြားရင်း အသင်းဟောင်း အာဆင်နယ်ကို ခနဲ့သွားခဲ့ပါတယ်။
လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက အာဆင်နယ်အသင်းဟာ အနိုင်ရဖို့ ရုန်းကန်ရနိုင်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ကာရေဂါက ယူနိုက်တက် နဲ့ တော့တင်ဟမ်တို့ဟာ ထိပ်ဆုံး ၄ သင်း ဝင်နိုင်ပြီး အာဆင်နယ်ရဲ့စွမ်းဆောင်ရည်ကြောင့် ထိပ်ဆုံး ၄ သင်းနဲ့ လွဲချော်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။