ဘရာဇီး လူစာရင်းက ချန်လှပ်ခံရတဲ့ ဂန်းနားများ၊ ဂနာဘီ လက်သစ်၊ ဆက်ကစားမယ့် ယူရိုပါလိဂ်ပွဲနဲ့ ယနေ့ အာဆင်နယ် သတင်းများ
စက်တင်ဘာလထဲ ခြေစမ်းပွဲတွေ အတွက် ဘရာဇီး လက်ရွေးစင် အသင်း လူစာရင်း ထုတ်ပြန်ခဲ့ရာ အာဆင်နယ်ရဲ့ ဘရာဇီးသား ၃ဦး ဖြစ်တဲ့ ဂျေးဆု၊ မာတင်နယ်လီ၊ မက်ဂယ်ဟေးစ်တို့ ၃ယောက်လုံး မပါဝင်ခဲ့ဘဲ ချန်လှပ်ခံခဲ့ရပါတယ်။
ကြားရက်က ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေမှာတော့ အာဆင်နယ် အသင်းဟာ ဇူးရစ်ချ် အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ကစားခဲ့ ပါတယ်။
ဆွစ်ဇာလန်မြေမှာ ကစားခဲ့တဲ့ ထို ယူရိုပါလိဂ်ပွဲစဉ်မှာ အင်္ဂလန်ဘုရင်မကြီး အဲလစ်ဇဘက် ကံတော်ကုန်သွားခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့စဉ်မှာ အိမ်ရှင် ဇူးရစ်ပရိသတ်တွေက စိတ်မရှည်စွာ လှောင်ပြောင်ပြီး Boo လုပ်ခဲ့ကြပါတယ်။

အင်္ဂလန်ဘုရင်မကြီးဟာ အသက် ၉၆ နှစ်အရွယ်မှာ ကံတော်ကုန်သွားခဲ့ပြီး သူမဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ် ပရိသတ် ဖြစ်တယ် လို့လည်း လူသိများခဲ့ပါတယ်။
ဒီ စနေနေ့ ကစားမယ့် အာဆင်နယ်ရဲ့ အဲဗာတန်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲ ရွှေ့ဆိုင်းခဲ့ပေမယ့် ကြားရက် ကစားရမယ့် PSV နဲ့ ယူရိုပါလိဂ် ပွဲကိုတော့ မဖျက်သိမ်း မရွှေ့ဆိုင်းဘဲ အစီအစဉ် အတိုင်း ကစားမယ်လို့ သိရပါတယ်။
ဇူးရစ်ချ်နဲ့ ပွဲမှာ အာဆင်နယ် အတွက် ပွဲထွက် ကစားပြီး ခြေစွမ်းပြခဲ့တဲ့ မာကွင်ဟိုစ် ကို မာတင်ကီယွန်က အထူး ချီးကျူးခဲ့ပြီး ဂနာဘီလို ကစားသမားမျိုး ရလိုက်တာပဲ လို့ သုံးသပ်သွားခဲ့ပါတယ်။
ရှက်တာဒိုးနက် အသင်း ရဲ့တောင်ပံ တိုက်စစ် ကစားသမား မူဒရစ်ခ် က လာမယ့် ဇန်နဝါရီ မှာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ ကစားချင်ကြောင်း အတည်ပြု ပြောကြား လိုက်ပါတယ်။ မူဒရစ်ခ် က အာဆင်နယ် သာ ကမ်းလှမ်းလာပါက ငြင်းပယ်ဖို့ မဖြစ်နိုင်ကြောင်း ဆိုလိုက်ပါတယ်။