ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမားကို ခေါ်ဖို့ ချဲလ်ဆီးတို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားနေ

ချဲလ်ဆီး အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်း အံ့အားသင့်ဖွယ် သတင်း ထွက်ပေါ်လာါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ လာမယ့် ၂၀၂၃ခုနှစ် ဇွန်လ (၃၀)ရက်နေ့မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်က ရပ်ရှ်ဖို့ဒ်ကို သက်တမ်းတိုးဖို့ စီစဉ်နေတာပါ။

ချဲလ်ဆီး အသင်းကလည်း ရပ်ရှ်ဖို့ဒ်ရဲ့ စာချုပ်အခြေအနေကို စောင့်ကြည့်နေပြီး အခြေအနေ တိုးတတ်လာခြင်းမရှိရင် လာမယ့် ဆောင်းဈေးကွက်ထဲမှာပဲ ချဉ်းကပ် စုံစမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ကို ချဲလ်ဆီး တင်မကပဲ အသက်လက်တီကိုမက်ဒရစ်အသင်းကပါ စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာလည်း လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်က ရပ်ရှ်ဖို့ဒ်ကို ရောင်းထုတ်ဖို့ လုံးဝ စိတ်ကူးမရှိပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားခဲ့ရာ ဒီရာသီ ရပ်ရှ်ဖို့ဒ်က အသင်းအတွက် အကောင်းဆုံးတွေ ပြန်လည် စွမ်းဆောင်ပြနေပြီ ဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိ အဂ်လန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ ယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟက် လက်ထက် သူရဲ့အကောင်းဆုံးပုံစံကို ရရှိနေပြီး ဒီရာသီထဲ ပရီးမီးယားလိဂ် (၆)ပွဲကစားထားပြီးချိန်မှာ (၃)ဂိုးသွင်း (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒီလို အရှိန်ရလာနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းက လပိုင်းသာ ကျန်နေတော့ပေမယ့် နောက်ထပ်တစ်နှစ် ထပ်မံတိုးခွင့်ကို ထည့်သွင်းထားသေးသလို ရပ်ရှ်ဖို့ဒ် ကိုယ်တိုင်ကလည်း တန်ဟက် လက်အောက်မှာ ကစားရတာ ပိုပြီး အဆင်ပြေလာတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့က သိပ် မခက်ခဲနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေ ပါတယ်။