ချီးကျူးခံရတဲ့ ရှာခါ၊ မူဒရစ်ကို သွားကြည့်ခဲ့တဲ့ ကင်းထောက်များ၊ ဆာကာ၊ စမစ်ရိုး တို့နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ

ဒီတပတ်မှာလည်း ပရီးမီးယားလိဂ် ပွဲစဉ် တချို့ ရွှေ့ဆိုင်းမှုတွေ ရှိပေမယ့် အာဆင်နယ်ရဲ့ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်း ပွဲစဉ်က အစီအစဉ် အတိုင်း ကစားမှာ ဖြစ်ပါတယ်။ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီပွဲမှာ အာဆင်နယ် ၂-ဝ နဲ့ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ကွင်းလယ်လူ မိုဟာမက် အယ်နန်နီရဲ့ ၂၀၂၂ ထိ လွဲချော်မယ့် ဒဏ်ရာကြောင့် လောလောဆယ် အသုံးပြုနိုင်ဖို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ကွင်းလယ်ကစားသမားတွေကို ဂန်းနားတွေ စဉ်းစားနေပြီး လီလ်လူဟောင်း ဇီကာ၊ လီဗန်တေး လူဟောင်း နီမန်ညာ ရာဒွန်ယာ၊ ကက်ဂလီယာရီလူဟောင်း ဖိလစ် ဘရာဒါရစ်ချ်နဲ့ ဘရာဇီးလ်သား လီယို ဆီနာတို့ကို စောင့်ကြည့်နေပါတယ်။

အာဆင်နယ်ဟာ ဆာကာကို အသင်းမှာ အကြာကြီး ဆက်ရှိနေဖို့ ကြိုးပမ်းနေပြီး အမ်ဘာပေကို ပီအက်စ်ဂျီ ထိန်းသလို ချည်နှောင်နိုင်မယ့် စာချုပ်သစ်မျိုး ပြင်ဆင်လာဖွယ် ရှိကြောင်း လန်ဒန် သတင်းဌာနက သုံးသပ်ထားပါတယ်။

ဂန်းနားတို့နဲ့ သတင်းကြီးနေတဲ့ ယူကရိန်းကစားသမား မူဒရစ် ပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို အာဆင်နယ် ကင်းထောက်အဖွဲ့တွေသွားရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်။ ရှက်တာဒိုးနက် တောင်ပံကစားသမားဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လိုကြောင်း ဖွင့်ဟပြောဆိုထားသူလည်းဖြစ်ပါတယ်။ မူဒရစ် တန်ကြေးကတော့ သန်း ၃၀ ခန့် ရှိတယ်လို့သိရပါတယ်။

ပဲလေ့စ်နည်းပြ ဂန်းနားဂန္တဝင် ကပ္ပတိန်ဟောင်း ဗီအဲရာက လက်ရှိ အာဆင်နယ် ကွင်းလယ်လူ ဂရန်းနစ် ရှာခါ နဲ့ ပတ်သတ်ပြီး ” သူက အသင်းအတွက် တကယ့် အရေးကြီးတဲ့သူ တစ်ယောက်ပါ။ သူက ခင်ဗျား မျက်စေ့ ရှမ်းပြီး မမြင်မိတဲ့သူ တစ်ယောက်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သူလုပ်ပြနေတာတွေက အကောင်းဆုံးတွေပဲ။ ” လို့ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

အာဆင်နယ် ကွင်းလယ်တိုက်စစ်သမား စမစ်ရိုးအနေနဲ့ ရာသီအစမှာ ဒဏ်ရာရရှိတယ်ဆိုတာ အချိန်လွဲမှားလွန်းပြီး ပိုမိုမြင့်မားတဲ့ ကြံ့ခိုင်မှုနဲ့အတူ အမြန်ဆုံး ခြေစွမ်းပြနိုင်မှသာ အရန်ခုံက ကင်းလွတ်ခွင့် ရရှိလိမ့်မယ်လို့ နောက်ခံလူဟောင်း အလန် ဟပ်တန် သတိပေးခဲ့ပါတယ်။

နည်းပြဟောင်းကြီး အာဆင် ဝင်းဂါးက သူ့အနေနဲ့ အာဆင်နယ်အသင်းရှိရာ အမ်းမရိတ်ကွင်းကို ပြန်မလာခဲ့တာနဲ့ ဒီအသင်းအကြောင်း ပြောဆိုလေ့ မရှိတာဟာ သူ့ရဲ့ တည်ရှိမှုဟာ အသင်းနဲ့ နည်းပြသစ်တွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့ ရှောင်ရှားခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီး ဂန်းနားတွေအပေါ် အမြဲတစေ သစ္စာရှိနေမယ်လို့ ကတိပေး စကား ဆိုသွားပါတယ်။