ပျော်ပုံမရတော့တဲ့ ဇီယက်ချ်၊ ဘိုလီကို ပြင်းထန်စွာ ဝေဖန်တဲ့ ကာရေဂါ၊ အဆင်မပြေဘူး ဆိုတဲ့ အူဘာနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီး အသင်းဟာ ယခုနှစ် ရာသီ ချန်ပီယံလိဂ် အုပ်စုပွဲ ၂ပွဲ ကစားထားပြီးချိန် နိုင်ပွဲ မရသေးပဲ ရမှတ် တမှတ်နဲ့ အုပ်စု E ရဲ့ ဇယား အောက်ဆုံးကို ရောက်နေပါတယ်။ နည်းပြသစ် အပြောင်းအလဲကြောင့် ချဲလ်ဆီးတို့ ဆဲလ်ဇ်ဘာ့ဂ်နဲ့ ပွဲမှာ ရုန်းထနိုင်မယ်လို့ ထင်ထားခဲ့ပေမယ့် စိတ်ပျက်ဖွယ် သရေတမှတ်သာ ရခဲ့ပါတယ်။
ချဲလ်ဆီး တိုက်စစ်မှုးသစ် အူဘာမီးယန်းကတော့ သူဟာ ကြံ့ခိုင်မှု ရာနှုန်းပြည့် မရှိသေးသလို မေးရိုးကျိုး ဒဏ်ရာ ရှိလျက် mask ဝတ်ဆင် ကစားရတာက ဘယ်လိုမှ အဆင်မပြေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
ဒါ့အပြင် သူ့ ဆရာ ဖြစ်သူ နည်းပြ တူချယ် ထုတ်ပယ်ခံရတာနဲ့ ပတ်သတ်ပြီးလည်း စိတ်မကောင်း ဖြစ်မိကြောင်း၊ ဘောလုံးမှာက ဒါမျိုး ဖြစ်တတ်ပြီး သူ ဘယ်လိုမှ မတတ်နိုင်ခဲ့ကြောင်းပါ အူဘာမီးယန်းက ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ပရိသတ်တွေကတော့ အသင်းအတွက် ပုံမှန် ဂိုးတွေ သွင်းပေးနေပြီ ဖြစ်တဲ့ ရာဟင်း စတာလင် ကို ရောင်းပေးခဲ့လို့ မန်စီးတီးကို ကျေးဇူးတင်ကြောင်း လူမှုကွန်ယက်ကနေ မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။
အေစီမီလန် ဒါရိုက်တာ မာဒီနီလ် က ချဲလ်ဆီး ဟာ အေစီမီလန် တိုက်စစ်မှူး ရာဖေး လီယို အတွက် တရားဝင် ကမ်းလှမ်းမှု လုံး၀ မပြုလုပ် ထားသေးပါဘူးလို့ ထုတ်ဖော် ပြောဆိုပြီး အပြောင်းအရွှေ့ ကောလဟာလ တွေကို အဆုံးသတ် စေခဲ့ ပါတယ် ။
ချဲလ်ဆီး အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီ က သူ ဟာ ပရီးမီးယားလိဂ် ကို အမေရိက က ပုံစံမျိုး ဖြစ်တဲ့ တောင်- မြောက် All-Star ပွဲစဉ်မျိုး အကောင်အထည် ပေါ်လာစေလိုတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပြီး အဆိုပါ ပြောဆိုမှု အပေါ် ပရီးမီးယားလိဂ် တင်ဆက်သူတွေက ဝေဖန်ပြောဆို ခဲ့ကြပါတယ်။

ဘိုလီရဲ့ အဆိုပြုမှုနဲ့ ပတ်သတ်ပြီး ဂျင်မီ ကာရေဂါ က ” ကျွန်တော် ဒါနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ် ။ ကိုယ် အရင်က တခါမှ မထိတွေ့ဖူးတဲ့ လိဂ်တလိဂ် အကြောင်း ဝင်စွက်ဖက်တာဟာ စော်ကားရာ ရောက်ပါတယ် ။ သူ့ရဲ့ အိုင်ဒီယာတွေကို လျှော့ပေါ့ပြီး လျစ်လျူရှုလိုက်လို့ မရပါဘူး ။ ပရီးမီးယားလိဂ် ဟာ ကမ္ဘာတလွှားက ပိုင်ရှင်တွေ ၊ မန်နေဂျာတွေ ၊ ကစားသမားတွေ ပါဝင်တဲ့ လိဂ်တလိဂ်ပါ ။ ”
” ဒါကြောင့်လည်း ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့ အကောင်းဆုံး ဖြစ်နေတာပါ ။ ကျွန်တော်ကတော့ ဒီ အိုင်ဒီယာတွေကို မနှစ်သက်ပါဘူး ။ ဒါပေမယ့် သူ့လို ပရီးမီးယားလိဂ်မှာ ဘာတခုမှ နိုင်နိုင်နင်းနင်း စီမံခန့်ခွဲထားနိုင်ခြင်း မရှိတဲ့ လောလောလတ်လတ် ပိုင်ရှင်သစ် တယောက် အနေနဲ့ ဒီလိုမျိုး ပြောဖို့ မသင့်ပါဘူး ။ ” လို့ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ တော့တင်ဟမ် ကွင်းလယ်လူဟောင်း ရာဖေးလ် ဗန်ဒါဗတ်ကတော့ ဇီယက်ခ်ျ ဟာ ချဲလ်ဆီးမှာ ကစားရတာ မပျော်မွေ့တော့မှန်း သိသာနေသလို ၎င်းအနေနဲ့ ကစားသမား ဘဝ အကောင်းဆုံး အသက်အရွယ်မှာ ခြေစွမ်း တိုးတက်မှု ပြန်ရှာဖို့ အသင်းပြောင်းသင့်ကြောင်း တိုက်တွန်း ပြောဆိုလိုက်ပါတယ်။