ဘရန့်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် ပြသနာသစ်တွေ ထပ်ကြုံလာရတဲ့ အာဆင်နယ်နဲ့ နည်းပြ အာတီတာ
အာဆင်နယ်အသင်းဟာ ဒီတပတ် ဘရန့်ဖို့ဒ်အသင်းနဲ့ ကစားရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် အဓိက ကစားသမားအချို့ ဒဏ်ရာထပ်ရသွားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။ အာဆင်နယ် နောက်ခံကစားသမားတွေဖြစ်ကြတဲ့ ဘန်ဝှိုက်နဲ့ ဇင်ချင်ကိုတို့ဟာ ဒဏ်ရာစာရင်းထဲ ပါဝင်လာခဲ့တာပါ။
ပေါင်ကြွက်သားဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးတယောက် လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်ပြီဖြစ်လို့ ပရိသတ်တွေ စိတ်အေးရမယ် ရှိချိန်မှာ အာဆင်နယ်အသင်းရဲ့ ထုံးစံအတိုင်းလို့ ဆိုရလောက်အောင် ဒဏ်ရာစာရင်းမှာ ကစားသမားတွေ ထပ်တိုးလာခဲ့တာ ဖြစ်ပါတယ်။
ဘယ်နောက်ခံကစားသမား ဇင်ချင်ကိုဟာ လေ့ကျင့်ရေးကွင်းမှာ ခြေသားလုံးကြွက်သားဒဏ်ရာ ရသွားခဲ့တာဖြစ်ပြီး ရက်သတ္တပတ် ၂ ပတ်ခန့် အနားယူရမှာဖြစ်တာကြောင့် ဘရန့်ဖို့ဒ်ပွဲအပြင် ယူကရိန်း လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာပွဲစဉ်တွေကိုပါ လွဲချော်တော့မှာဖြစ်ကြောင်း ယူကရိန်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဘန်ဝှိုက်ကတော့ ဒူးနဲ့ တင်ပါးဆုံတွေမှာ ဒဏ်ရာအနည်းငယ် ရနေတာလို့ သိရပြီး အဆိုပါဒဏ်ရာတွေကြောင့်ပဲ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိခဲ့တာပါ။ ဒါပေမဲ့လည်း ခံသာသွားတာကတော့ ဒဏ်ရာအခြေအနေတွေဟာ သိပ်မပြင်းထန်တာကြောင့် ကာလရှည်အနားယူရဖွယ်တော့ မရှိဘူးလို့ သိရပါတယ်။
အခြားကစားသမားတွေထဲမှာတော့ မိုဟာမက် အယ်လ်နီနီဟာ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ပွဲတုန်းက ရခဲ့တဲ့ ဒဏ်ရာကြောင့် ဆက်လက်အနားယူရဦးမှာ ဖြစ်ပါတယ်။ အယ်လ်နီနီရဲ့ ဒဏ်ရာဟာ ပြင်းထန်တာကြောင့် အနည်းဆုံး ဇန်နဝါရီလမတိုင်မီအထိ ပြန်လည်ကစားနိုင်ဖွယ် မရှိသေးကြောင်း Goal သတင်းဌာနက ဖော်ပြထားပါတယ်။
ကြွက်သားဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားလေး စမစ်ရိုးလ်ဟာလည်း ဘရန့်ဖို့ဒ်ပွဲကို လွဲချော်မှာ သေချာသလောက် ရှိနေပြီး အင်္ဂလန်သားလေးအနေနဲ့ ဘယ်အချိန်မှာ ပြန် ကစားနိုင်မလဲဆိုတာကတော့ မသေချာသေးဘူးလို့လည်း သိရပါတယ်။
ဒဏ်ရာကြောင့် အနားယူနေရတဲ့ တောင်ပံတိုက်စစ်ကစားသမားတဦးဖြစ်တဲ့ ရီးစ် နယ်လ်ဆင်ကတော့ အောက်တိုလာလ အတွင်းမှာ အာဆင်နယ်အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မှာပါ။
ဘောလုံး ရာသီတခု အရှိန်ရလာချိန်မှာတော့ အာဆင်နယ်အသင်းကို ထုံးစံအတိုင်း ဆိုသလို ဒဏ်ရာပြဿနာတွေက အနည်းနဲ့အများဆိုသလို ဒုက္ခပေးလာခဲ့ပြီဖြစ်ပြီး နည်းပြ အာတီတာ အနေနဲ့ ဘယ်လို စီမံမလဲဆိုတာ စိန်ခေါ်မှုကြီး ဖြစ်လာနေပါတယ်။