အိုဒီဂတ်က ဒီဘရိုင်းလိုပဲလို့ ချီးကျူးမှု၊ ဒဏ်ရာ ကိုယ်စီနဲ့ ဘန်ဝှိုက် ဇင်ချန်ကို၊ ဆုရသွားတဲ့ အာတီတာနဲ့ ယနေ့ အာဆင်နယ် သတင်းများ

ပြီးခဲ့တဲ့ ဩဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ပွဲတိုင်းနိုင်အောင် အစွမ်းပြခဲ့တဲ့ အာဆင်နယ် နည်းပြ အာတီတာ က ဆွတ်ခူးသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်အသင်း နည်းပြ သောမက်စ် ဖရန့်ခ်က အာဆင်နယ် ကစားသမား မာတင် အိုဒီဂတ်ဟာ မန်စီးတီးကြယ်ပွင့် ကီဗင် ဒီဘရိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းအရ ဘာမှသိပ်မကွာတော့ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဘရန့်ဖို့ဒ် အသင်းဟာ မနက်ဖြန်ညနေမှာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံသွားရဖို့ ရှိနေပါတယ်။

အာဆင်နယ်ကြယ်ပွင့် ဇင်ချန်ကိုဟာ ဒီအပတ် ဘရန့်ဖို့ဒ်နဲ့ပွဲ၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် မြောက်လန်ဒန်ဒါဘီကို ပါဝင်ကစားနိုင်ဖို့ ကြံ့ခိုင်မှုမပြည့်ဝတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂန်းနားဘယ်နောက်ခံလူဟာ ထရိန်နင်မှာ ခြေသလုံး ကြွက်သား ဒဏ်ရာ ရရှိခဲ့ကြောင်း ယူကရိန်း အက်ဖ်အေက အတည်ပြုခဲ့ပါတယ်။

အာဆင်နယ် နည်းပြ မီခေးလ် အာတီတာက ကွင်းလယ်တိုက်စစ်ကစားသမား စမစ်ရိုးရဲ့ ကြံ့ခိုင်မှုပိုင်း ရုန်းကန် နေရမှုအပေါ် စိတ်ပူမိကြောင်း ဝန်ခံခဲ့ပါတယ်။ စမစ်ရိုးဟာ ပေါင်ခြံဒဏ်ရာကြောင့် ထပ်မံအနားယူရဖို့ ရှိနေပြီး ခွဲစိတ်ကုသရမယ်လို့တောင် သတင်းထွက်နေပါတယ်။

နည်းပြ ဆောက်ဂိတ် ကြေညာလိုက်တဲ့ ဒီလထဲ ကစားမယ့် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ မန်ယူ နောက်ခံလူ မက်ဂွဲရား ပါဝင်ပြီး အာဆင်နယ်မှ ဘန်ဝှိုက် ချန်လှပ်ခံခဲ့ရတာကြောင့် ဝေဖန် ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။

ဒါပေမယ့် အင်္ဂလန် သတင်းတွေ အဆိုအရ ဘန်ဝှိုက် တစ်ယောက် အင်္ဂလန် လူစာရင်း မှာ မပါဝင် နိုင်တာဟာ တင်ပါးဆုံ နှင့် ဒူးဒဏ်ရာ ရရှိနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘန်ဝှိုက် ရဲ့ဒဏ်ရာ အနေအထားဟာ ပြင်းထန်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။

ဘောလုံးဂျာနယ်လစ် ဒင်းဂျုံးစ်က အာဆင်နယ်တို့အနေနဲ့ ဇင်ချန်ကို အား ဘယ်နောက်ခံနေရာမှာပဲ အသုံးပြုမနေဘဲ ယူကရိန်းလက်ရွေးစင် အသင်းမှာ ကစားရသလိုမျိုး ကွင်းလယ်ကို ပြောင်းရွှေ့အသုံးပြုခဲ့ရင် အသင်းအနေနဲ့ ပိုမိုအကျိုးရှိလိမ့်မယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။