အရင်ပွဲတွေ ဂိုးပေါက် ပျောက်နေလို့ မပျော်နိုင်ခဲ့တဲ့ ဖီလင်တွေကို ဖွင့်ဟလာတဲ့ စပါးရဲ့ ဟက်ထရစ်ရှင် ဆွန်
တော့တင်ဟမ် စပါးအသင်း တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ မနေ့ညက လက်စတာကို ၆-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဒီပွဲမှာ ဆွန်ဟောင်မင်က ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ဒုတိယပိုင်းမှ လူစားဝင်ကစားခွင့်ရခဲ့တာပါ။ ပွဲကစားချိန် (၅၉) မိနစ်မှာ လူစားဝင်လာတဲ့ ဆွန်ဟောင်မင်က (၇၃) မိနစ်၊ (၈၄) မိနစ်နဲ့ (၈၆) မိနစ်တို့မှာ (၁၃) မိနစ်အတွင်း အသင်းအတွက် ဟက်ထရစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လီဗာပူးတိုက်စစ်ကစားသမား ဆာလာနဲ့အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲ ဆွတ်ခူးခဲ့ဖူးတဲ့ ဆွန်ဟောင်မင်က လက်စတာနဲ့ ပွဲမတိုင်ခင်အထိ ဂိုးပေါက်ပျောက်နေခဲ့တာပါ။ ဒါပေမယ့် အခုလိုမျိုး ဂိုးပေါက် စတွေ့တဲ့ပွဲမှာပဲ ဆွန်ဟောင်မင်က ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ပင်ကိုစွမ်းရည်တွေ ကို ပြသနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဆွန်ဟောင်မင်က “အရိုးသားဆုံးပြောရရင် အရင်ပွဲတွေက ကျနော် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။ ဒီမတိုင်ခင် နောက်ပိုင်းပွဲတွေမှာ ကျနော် ပိုကောင်းတဲ့ပုံစံကို ပြနိုင်ခဲ့သင့်တာပါ”
“ပျော်လည်း မပျော်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ကျနော်တို့ ကြီးမားတဲ့နိုင်ပွဲတပွဲကို ရယူနိုင်ခဲ့ပြီး ကျနော်လည်း ပြိုင်ပွဲဘောလုံးကို အရယူနိုင်ခဲ့ပါပြီ။ အရန်ခုံကနေ ထလာတဲ့အချိန်မှာ အသင်းကို ကျနော် ကူညီချင်တဲ့စိတ်ပဲရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲက ခက်ခဲကြမ်းတမ်းတဲ့ ပွဲတပွဲဖြစ်ခဲ့တာကြောင့်ပါ”
“ကျနော့်ရဲ့ အကောင်းဆုံးပုံစံကို အသင်းအတွက် ကျနော် ပြသချင်ခဲ့ပါတယ်။ ကျနော် ကစားခွင့်ရတိုင်းလည်း ဒါကိုပဲ အမြဲတမ်း ကြိုးစားပါတယ်။ ကျနော်တို့ နိုင်ပွဲရရှိခဲ့တဲ့အတွက်လည်း ကျနော် ဝမ်းသာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီပွဲမှာ စပါးအတွက် အခြားသောသွင်းဂိုးတွေကို ဟယ်ရီကိန်း၊ ဒိုင်ယာ၊ ဘန်တန်ကူတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။