အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားနိုင်တယ်လို့ ဝန်ခံသွားတဲ့ ပြိုင်ဘက်အသင်း နည်းပြ
အာဆင်နယ်အသင်းဟာ ညက ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ၃-ဝ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ အာဆင်နယ် က ပထမပိုင်းမှာ ကတည်းက ဆာလီဘာ ၊ ဂျေးဇု တို့ရဲ့ခေါင်းတိုက် သွင်းဂိုးတွေနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဗီအဲရာ က နောက်ထပ် သွင်းဂိုး တစ်ဂိုး ထပ်မံ သွင်းယူ ပေးခဲ့ပါတယ်
အာဆင်နယ် အသင်းဟာ ဒီနေ့ နိုင်ပွဲကြောင့် အမှတ်ပေး ဇယား ထိပ်ဆုံး ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ဘရန်းဖိုဒ့် အသင်းကတော့ အဆင့် ၉ မှာပဲ ဆက်လက် ရပ်တည် နေပါတယ်။
ပွဲအပြီးမှာတော့ ပြိုင်ဘက် ဘရန့်ဖိုဒ့် အသင်း နည်းပြ သောမက်စ် ဖရန့်ခ် ဟာ ပြိုင်ဘက် အာဆင်နယ် အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံထိ ဖြစ်သွားနိုင်ကြောင်း ချီးကျူး ပြောဆို သွားခဲ့ပါတယ်။

သောမက်စ် ဖရန့်ခ်က ” ဒီနေ့မှာ ကျွန်တော်တို့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် တစ်မှာ ရပ်တည် နေတဲ့ အသင်းကို အရေးနိမ့် သွားခဲ့တာပါ။ ပွဲမတိုင်ခင်မှာကတည်းက အာဆင်နယ် က ထိပ်သီး အသင်းတစ်သင်း ဖြစ်တယ်ဆိုတာ ကျွန်တော် ပြောခဲ့ပါတယ် သူတို့ အခု ချန်ပီယံဆု အတွက် ယှဉ်ပြိုင် ကစားတော့မယ်လို့ ကျွန်တော် ကတော့ ထင်ပါတယ်။ ”
” အာဆင်နယ် က ဇယား ထိပ်ဆုံးက အသင်း ဖြစ်တယ်ဆိုတာ ငြင်းခုံစရာ မရှိပါဘူး။ သူတို့ အခု လုပ်ပြထားတာ သိပ်ကောင်းပါတယ်၊ ဘောလုံးရာသီ က အရှည်ကြာကြီး ကျန်နေသေးမှန်း ကျွန်တော် သိပါတယ်၊ ဒါပေမယ့် အာဆင်နယ် သာ ဒီပုံစံ အတိုင်း ဆက်လက် စွမ်းဆောင် ပြနိုင်မယ်ဆိုရင် သူတို့ကိုချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ စာရင်းထဲ ထည့်ထားရမှာ အမှန်ပါပဲ။ ”
” သူတို့ ပထမသွင်းဂိုး ကို သွင်းအပြီး ဘယ်လို အောင်ပွဲ ခံသွားသလဲဆိုတာ ခင်ဗျားတို့ အားလုံး တွေ့ကြမှာပါ ။ စုစည်းမှု အပြည့်နဲ့ပါ ၊ သူတို့ဘက်က ကျွန်တော်တို့ဘက်ကို လေးစားမှု အပြည့် ပြသသွားခဲ့ပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ်။
နည်းပြ သောမက်စ် ဖရန့်ခ် ဟာ ပွဲမတိုင်ခင်မှာကတည်း က ဒီရာသီမှာ အာဆင်နယ် အသင်းဟာ မန်ချက်စတာ စီးတီး အသင်းပြီးရင် ဒုတိယ အကောင်းဆုံး အသင်း ဖြစ်ကြောင်း ချီးကျူး ပြောကြားထားပါတယ်။