ဒီပုံ အတိုင်းဆို ဟာလန်း အတွက် ရွှေဘောလုံးဆုက ပြိုင်ဘက် မရှိသလောက်ပဲလို့ ချီးကျူးလိုက်တဲ့ ဖာဒီနန်

မန်ယူနဲ့ အင်္ဂလန် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် က မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ဟာ ရွှေဘောလုံးဆုကို ရရှိဖို့ အလားအလာ ကောင်းတွေ ပိုင်ဆိုင် ထားသူ ဖြစ်တယ်လို့ ထောက်ခံ ချီးကျူးသွားခဲ့ပါတယ်။

နော်ေ၀ တိုက်စစ်မှူးလေး ဟာ ဒေါ့မွန် ကနေ မန်စီးတီး ဆီကို ပေါင် သန်း ၅၀ ကျော် နဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ မှာလည်း သူ့ရဲ့ ဂိုးသွင်း စွမ်းရည်တွေကို ဆက်လက် ပြသနေ ခဲ့ပါတယ်။ ဒီအပတ် ဝုဗ်နဲ့ ပွဲမှာလည်း ဟာလန်းက တစ်ဂိုး ထပ်သွင်းယူခဲ့ပြန်တာပါ။

ရီယိုဖာဒီနန် ကတော့ ဟာလန်း သာ အခုလို ဂိုးတွေ ဆက်သွင်းနေမယ် ဆိုရင် ရွှေဘောလုံးဆု အတွက် အားကောင်းတဲ့ စကာတင် တယောက် ဖြစ်လာနိုင်တယ်လို့ ချီးကျုး ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် စီးတီး တိုက်စစ်မှူးလေးဟာ အသင်းမှာ ကာလရှည် ကစားဖြစ်ခဲ့ပါက ပရီးမီးယားလိဂ် ရဲ့ စံချိန်ပေါင်း များစွာကို ချိုးဖျက်ကာ စံချိန်သစ် ပိုင်ရှင်လည်း ဖြစ်လာမယ်လို့ ဖာဒီနန် က ပြောဆို သွားခဲ့ ပါတယ်။

“ဟာလန်း က တရာသီ ၃၅ ဂိုးလောက် သွင်းမယ့် လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ဒီက စံချိန်တွေ အများအပြားကို သူ ချိုးဖျက် သွားမယ့် သဘောရှိပါတယ်။

သူ ကစားနေတဲ့ အသင်းကလည်း ပြိုင်ဘက် ကို အရမ်း လွှမ်းမိုးထား နိုင်ပြီး ဖန်တီးမှုတွေ အများကြီး ပြုလုပ် နိုင်တဲ့ အသင်းပါ ။ ဟာလန်း နဲ့ မန်စီးတီး က အပြန်အလှန် အကျိုးပြုနေကြပါတယ်”

“တကယ်လို့ သူသာ အခုပုံစံ အတိုင်း ဆက်သွားနေမယ်၊ စီးတီးလည်း ချန်ပီယံလိဂ် ရမယ်ဆိုရင် လာမယ့် နှစ် ရွှေဘောလုံးဆု အတွက် ဟာလန်း က အားကောင်းတဲ့ ဆန်ကာတင် ဖြစ်လာမှာပါ။ လုံး၀ သံသယ ဖြစ်စရာ မလိုပါဘူး၊အခုပုံစံ အတိုင်းဆိုရင် သူနဲ့ နီးစပ်မယ့် ပြိုင်ဘက်တောင် မရှိသလောက် ပါပဲ”

“ဝုဗ်နဲ့ပွဲမှာ ဆိုရင် ပထမဆုံး ထိချက် ကနေ သူ ဂိုးရခဲ့တာပါ။ ဟာလန်း က ကစားပွဲထဲမှာ၊ ကစားကွက် ထဲမှာ ရှိနေတဲ့သူ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒါကိုလည်း သူက ဂရုစိုက်မယ့်သူ မဟုတ်ပါဘူး၊ သူလုပ်ရမယ့် အပိုင်းရောက်လာရင် သူ လုပ်လိုက်တယ် ၊ အကောင်းဆုံး အဖြေတခုကို သူ ထုတ်ပေးလိုက်တယ်။ ဒါပါပဲ” လို့ ဖာဒီနန် က ပြောဆို သွားခဲ့ပါတယ်။

ဟာလန်း အပါအဝင် လက်ရှိ ဥရောပ ထိပ်သီး လိဂ် တွေထဲမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၁၀ ဂိုးကျော်အောင် သွင်းယူ ထားနိုင်တဲ့ ကစားသမား ၄ ဦးသာ ရှိသေးပြီး ဘာပေ၊ နေမာ နဲ့ လီဝန်ဒေါ့စကီး တို့ဟာ ဟာလန်း အတွက် အဓိက ရွှေဖိနပ်ဆု ပြိုင်ဘက်တွေ ဖြစ်လာဖို့ ရှိနေပါတယ်။