ချဲလ်ဆီးက ထုတ်လိုက်ပေမယ့် ဥရောပ ထိပ်သီး ၂သင်းထဲ ခေါင်းခေါက်ရွေးပြီး နည်းပြ အဖြစ် ပြန်လာမယ့် တူချယ်
ချဲလ်ဆီး နည်းပြဟောင်း သောမတ်စ် တူချယ်ဟာ ဘိုင်ယန်မြူးနစ် သို့မဟုတ် ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
နည်းပြ တူချယ်ဟာ ချဲလ်ဆီးရဲ့ ဆိုးရွားတဲ့ရာသီ စတင်မှုနဲ့ အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီနဲ့ ဆက်ဆံရေး ဆိုးရွားပြီးနောက်ပိုင်း စက်တင်ဘာအစောပိုင်းမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ တူချယ်ကို ထုတ်ပယ်ပြီးနောက် ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ်တာကို လျင်လျင်မြန်မြန်ပဲ အစားထိုး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဂျာမန်သတင်းဌနာ Bild Sport ရဲ့ ဖော်ပြချက်အရ ဂျာမန်လူမျိုး နည်းပြ တူချယ် ကလည်း ဥရောပရဲ့ အကြီးမားဆုံး ကလပ်အသင်းကြီး ၂ သင်းက မျက်စိကျနေတာကြောင့် လျင်လျင်မြန်မြန်နဲ့ နည်းပြထိုင်ခုံမှာ ပြန်လည် မြင်တွေ့ ရနိုင်တယ် လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်တို့ ၂ သင်းစလုံးဟာ ယခုရာသီအစမှာ ခက်ခဲကြမ်းတမ်းတဲ့ စတင်မှုကို ရင်ဆိုင်နေ ရသူတွေ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းနဲ့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီတို့ဟာ ဖိအားတွေအောက် ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံး ဘွန်ဒက်စ်လီဂါ ၄ ပွဲအထိ နိုင်ပွဲမရှိခဲ့တာကြောင့် နိုင်ငံတကာပွဲစဉ် အားလပ်ရက် ကာလ အတွင်း အမှတ်ပေးဇယားထိပ်ဆုံးက ယူနီယံ ဘာလင်နဲ့ ၅ မှတ်အကွာ အဆင့် ၅ နေရာကနေ ဖြတ်သန်း သွားရတော့ မှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်မှာတော့ အင်တာမီလန်၊ ဘာစီလိုနာတို့ကို အနိုင်ယူပြီး အကောင်းဆုံး ပုံစံပြသ ထားပေမယ့်လည်း ဘွန်ဒက်စ်လီဂါမှာ ကောင်းကောင်း အာရုံစိုက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အယ်လီဂရီအတွက်လည်း အရာအားလုံးက ထင်သလောက် မလွယ်ကူခဲ့ဘဲ ဂျူဗင်တပ်ဟာ စီးရီးအေအမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲ ရရှိထားခဲ့တာ ဖြစ်ပါတယ်။