လူကာကူ အလိုက်ပေး ကိန်း ဝယ်ချင်တဲ့ ပေါ်တာ၊ ဂျော်ဂျင်ဟို၊ အိုဒွိုင်းတို့နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ စုစည်းမှု

ချဲလ်ဆီး နည်းပြသစ် ဂရေဟမ် ပေါ်တာ က တိုက်စစ်ပိုင်းကို အားရမှု မရှိဘဲဖြစ်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ လက်မနှေးတဲ့ သူဌေး တော့ဒ် ဘိုလီဆီကနေ တိုက်စစ်မှူးသစ် တောင်းဆိုသွားဖို့ ရှိနေပါတယ်။

ပေါ်တာ က စပါး တိုက်စစ်မှူးနဲ့ အင်္ဂလန်ကပ္ပတိန် ဟယ်ရီ ကိန်းကို ခေါ်ယူလိုနေပြီး အမေရိကန် ပိုင်ရှင်ကို တောင်းဆိုထားတယ်လို့ သတင်းထွက်နေသလို ကိန်း ကို ရဖို့ အင်တာမီလန်ထံ အငှားချထားတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို အလိုက်ပေးပြီး ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို က ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ ကြိုးစား ချိတ်ဆက်ခဲ့သေးပြီး စပိန်ကလပ်ဘက်က ငြင်းဆန်ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

ချဲလ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းက သူ လီဗာကူဆင် အသင်းထံ အငှားထွက် မကစားခင်မှာ အသင်း ပိုင်ရှင် တော့ဒ်ဘိုလေ က နောက်ရာသီ ပြန်ခေါ်မှာ ဖြစ်ကြောင်း အသိပေးခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်း တူချယ်ဟာ လန်ဒန်ကလပ်ကနေ ထွက်ခွာသွားခဲ့တာ မကြာသေးပေမယ့် ဥရောပ ထိပ်သီး နှစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ် အသင်းတို့ကို တာဝန်ယူ နည်းပြဖို့ ရေပန်းစားလာပါတယ်။

ချဲလ်ဆီး အသင်းဟာ ဆဲလ်ဘတ်အသင်းမှ Christoph Freund ကို အသင်း အားကစား ဒါရိုက်တာ အဖြစ် ခန့်အပ်ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပါတယ်။ ချယ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေက အားကစား ဒါရိုက်တာ အမြန် ခန့်အပ်ပြီး ဇန်နဝါရီ ကစားသမားခေါ်ယူမှုတွေကို လက်လွှဲလိုနေပါတယ်။

ချဲလ်ဆီးပစ်မှတ် ဆီဗီလာနောက်ခံလူဟောင်း ကွန်ဒီက နွေရာသီအပြောင်းအရွှေ့အတွင်း ချဲလ်ဆီးကို ပြောင်းဖို့ နီးစပ် ခဲ့ပေမယ့် ဇာဗီရဲ့ဘာစီလိုနာကိုသာ ရွေးချယ်ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။