ဘယ်သူမှ သတိမထားမိပေမယ့် ရလဒ်တွေ သိပ်ကိုကောင်းနေတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ မနေ့ညတုန်းက ယှဉ်ပြိင်ကစားတဲ့ လက်စတာနဲ့ အဝေးကွင်းပွဲကို ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် နောက်ပိုင်းကစားတဲ့ ပြိုင်ပွဲစုံ (၉) ပွဲမှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် (၃) မှာ မန်စီးတီးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၈) ပွဲမှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုဆိုရင် အမှတ်ပေးဇယား အဆင့် ၃ နေရာနဲ့ ၃ မှတ်အကွာ အဆင့် ၆ နေရာကို ရယူလာနိုင်ခဲ့ပါပြီ။
အာဆင်နယ်ဟာ ဒီနှစ်ဘောလုံးရာသီအစတုန်းက ရာသီအစပွဲစဉ် (၃) ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန်းမှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၃) မှာ မန်စီးတီးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) အထိ (၆) ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့တုန်းက စံချိန်တင်း ပြောင်းရွှေ့ကြေး သုံးစွဲခဲ့တဲ့အသင်းဖြစ်ပါတယ် ။ အာဆင်နယ်ဟာ အိုဒီဂတ် ၊ ဘန်ဝှိုက် ၊ ရမ်ဒေး နဲ့တိုမီယာဆုတို့အပါအဝင် ကစားသမား အသစ်ခေါ်ယူမှုအတွက် ပေါင်သန်း (၁၅၀) ဝန်းကျင်အထိအသုံးပြုခဲ့ပါတယ် ။

ရာသီအစတုန်းက ဒဏ်ရာ ရကစားသမားတွေများပြားနေတဲ့အချိန်မှာ အာတီတာ ရဲ့အာဆင်နယ်ဟာ ရုန်းကန်မှုတွေ နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒဏ်ရာရ ကစားသမားတေ နည်းပါးလာတဲ့အချိန်မှာ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေ အံ့ဝင်လာခြင်းနဲ့အတူ အာတီတာဟာ အာဆင်နယ်အသင်းကို တည်ငြိမ်တဲ့ ကစားဟန်တစ်ခု တည်ဆောက်ထားနိုင်ပါတယ်။
အထူးသဖြင့် ဒီရာသီမှ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေဟာ ပွဲစဉ်တစ်ပွဲထက် တစ်ပွဲ ပိုပိုပြီးကောင်းမွန်လာတာကိုမြင်တွေ့ခဲ့ရပါတယ်။ ဂိုးသမားရမ်ဒေးဆိုရင် အာဆင်နယ် ကို မရောက်ခင်တုန်းက ဝေဖန်မှုတစ်ချို့နဲ့ရင်ဆိုင်ခဲ့ရပေမယ့် အခုဆိုရင် Clean Sheet (၆) ပွဲအထိ ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
နောက်ခံလူ ဘန်ဝှိုက်ဟာလည်း အသင်းဖော် ဂါဘရီရယ်နဲ့နားလည်မှုရရှိနေတာကြောင့် အာဆင်နယ် ခံစစ်ဟာ ပိုပြီး ကျစ်လစ်လာခဲ့ပါတယ်။ ဂျပန်လူငယ်ကြယ်ပွင့် တိုမီယာဆုဟာလည်း ပရီးမီးယားလိဂ်လျင်လျင်မြန်မြန် အံဝင်လာခဲ့ပြီး ပရိသတ်တွေ သဘောကျတဲ့ ကစားသမားတစ်ယောက်ဖြစ်နေပါပြီ၊
ဒါ့အပြင် လူငယ်ကြယ်ပွင့် အိုဒီဂတ်ဟာ အသင်းရဲ့အချစ်တော် ကစားသမား အိုဇေးလ် ရဲ့နေရာကို အကောင်းဆုံး အစားဝင်ရောက်နိုင်တယ်ဆိုတာ သက်သေပြနေပြီဖြစ်ပါတယ်။