တန်ဟက်ကို ချီးကျူးတဲ့ ဘရူနို၊ မာလာစီယာ၊ မက်ဂွဲရားကို တောင်းပန်တဲ့ ပေါမာဆန်နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားလေး ဂွန်ဇာလိုရာမို့စ်ကို ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် လူငယ် ဂိုးသမားလေး ဖြစ်တဲ့ နသန် ဘစ်ရှော့ ကတော့ စီနီယာ အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ဟာ ဂိုးသမားတွေဆီက ဖန်တီးနိုင်မှု စွမ်းရည်တွေကို အခုထက် ပိုပြီး မြင်တွေ့လိုကြောင်း ပြောခဲ့လိုက်ပါတယ်။

ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က မန်ယူ နည်းပြသစ် အဲရစ် တန်ဟတ်ကို ပက် ဂွာဒီယိုလာ၊ ယာဂင် ကလော့ပ် တို့နဲ့ ခိုင်းနှိုင်းလိုက်ပြီး အသင်းရဲ့ အဝတ်လဲခန်းထဲ စည်းကမ်းသေဝပ်မှုတွေ ယူလာခဲ့တယ်လို့ ပြောခဲ့လိုက်ပါတယ်။

ဖာနန်ဒက်စ်ကပဲ သူ ခြေစွမ်း မကောင်းတဲ့ ပွဲဆို ဝေဖန်မှုတွေက ပြင်းထန်လွန်းပြီး အာဆင်နယ်က နစ်ကိုးလပ်စ် ပီပီ ဆိုရင် သူ့လောက် အပြောမခံရဘဲ နားလည်မှုပေးခံရတယ် လို့ နှိုင်းယှဉ် ပြောဆိုသွားပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်က မက်ဂွဲရား ပေါင် သန်း ၈ဝ နဲ့ မန်ယူ ပြောင်းလာစဉ်က ဝေဖန်ပြောဆိုတာ လွန်သွားလို့ ပြန် ဖုန်းဆက် တောင်းပန်ခဲ့ရကြောင်း ဖွင့်ဟလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မာလာစီယာ က ဂယ်ရီ နဗီးလ် ရဲ့ ချီးမွမ်း စကားတွေဟာ သူ့အတွက် ခွန်အား ဖြစ်စေခဲ့ ပါတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ မာလာစီယာ ဟာ နွေရာသီ အပြောင်းအရွှေ့ တုန်းက ယူနိုက်တက် ထံ ဖီယင်နော့ အသင်းကနေ ပေါင် ၁၃ သန်း နီးပါး နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့အတူ တောက်ပနေတဲ့ နယ်သာလန် လူငယ် ဘယ်နောက်ခံလူ မာလာစီယာဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်ရဲ့ နံပါတ်တစ် ဘယ်နောက်ခံလူ ဘလိုင်းကို ကျော်ဖြတ်ကာ ပွဲထွက်ခွင့် ရသွားလိမ့်မယ်လို့ ဂန္တဝင် ကွင်းလယ်လူ ရှနိုက်ဒါ က သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီး မန်စီးတီးနဲ့ ပွဲ အမှီ ကြံ့ခိုင်မှု အပြည့်အ၀ ပြန်လည် ရရှိဖို့ အလားအလာ ကောင်းနေတယ်လို့လည်း သိရပါတယ်။