ယူရို သန်း ၁၅ဝ တန် ပစ်မှတ်၊ ဒါရိုက်တာသစ် ရှာပုံတော်၊ ပါဗတ်၊ တူချယ်ကို မကျေနပ်တဲ့ ပူလီဆစ်နဲ့ ယနေ့ည ချယ်ဆီး သတင်းတိုများ

ချယ်ဆီး အသင်း အပါအဝင် မန်စီးတီး၊ မန်ယူ၊ လီဗာပူး စတဲ့ ပရီးမီးယားလိဂ် အသင်းကြီးတွေ ပစ်မှတ်ထားနေတဲ့ ဘယ်လင်ဟမ် အတွက် ဒေါ့မွန်က ယူရို သန်း ၁၅ဝ (ပေါင် သန်း ၁၃ဝ ကျော်) လို့ ဈေးသတ်မှတ်လိုက်ပြီ ဖြြစ်ပါတယ်။

ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပြင်သစ် ခံစစ်မှုး ဘန်ဂျမင် ပါဗတ် ဟာ ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားကြောင်း အရိပ်အမြွက် ဖွင့်ဟလာပါတယ်။

လက်ရှိ ချယ်ဆီး တိုက်စစ်ကို အားရကျေနပ်ခြင်း မရှိတဲ့ နည်းပြ ဂရေဟမ် ပေါ်တာက စပါးတိုက်စစ်မှုး ဟယ်ရီ ကိန်းကို ခေါ်ယူလိုနေပြီး နောက်နှစ် နွေမှာ လူကာကူကို အငှားက ပြန်ခေါ်ကာ ကိန်းကိုရဖို့ အလဲအထပ် အဖြစ် ထည့်သွင်းဖို့ ကြံရွယ်နေပါတယ်။

ချယ်ဆီးအသင်းဟာ ကလပ်အသင်းရဲ့ အားကစား ဒါရိုက်တာ ရာထူး အတွက် ဆဲလ်ဘတ် ဒါရိုက်တာက ငြင်းဆန် လိုက်တဲ့နောက် ထပ်မံ ရှာဖွေနေရပြီး လီဗာကူဆင်နဲ့ လိဒ်စ်ယူနိုက်တက် အကြီးအကဲတွေကို ချဉ်းကပ် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ချယ်ဆီးနည်းပြဟောင်း တူချယ်ဟာ ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ် အသင်းတွေမှာ နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

အမေရိကန် တောင်ပံတိုက်စစ်သမား ပူလီဆစ်က ယခင် ချယ်ဆီးနည်းပြဟောင်း တူချယ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ တုန်းက ချန်ပီယံလိဂ် ပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲတွေမှာ သူ့ကို အရန်ခုံ ပို့ထားခဲ့တာကြောင့် စိတ်ပျက်ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဘရာဇီး ဂန္တဝင် ရော်ဘတ်တို ကားလို့စ်က ၂၀၀၇ ခုနှစ်တုန်းက သူဟာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့လုနီးပါး ကို ဖြစ်ခဲ့ပြီး စာချုပ်မှာ လက်မှတ်ထိုးရုံသာ ကျန်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ဘဲ ပျက်ပြယ်ခဲ့တာပါ။